ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ ပန်းခြံအနီး၌ စစ်ကောင်စီ လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ရသူမှာ စစ်ကောင်စီ လက်အောက်တွင် တာဝန် ထမ်းဆောင်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသား ဝန်ထမ်း တစ်ဦး ဖြစ်ကြောင်း သိရသည်။
.
KTV မှ မော်တော်ယာဉ်ဖြင့် အပြန် သေနတ်ဖြင့် အပစ် ခံရပြီးနောက် အောင်ပန်း စစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်သည်။
.
" သူတို့က ၄ ယောက် KTV က ကားနဲ့ ပြန်လာဝာာ။ ကား ရပ်မပေးလို့ ဆိုပြီး ရဲက ပစ်တာတဲ့။ တကယ်က ကား တားတာကို မသိတာ ဖြစ်နိုင်တယ်။ သိလို့ ရပ်ပေးပြီး ခေါင်း ပြူကြည့်တာနဲ့ တစ်ခါတည်း ပစ်လိုက်ဝာာ။ စစ်ဆေးရုံ ရောက်ပြီး ၂ ရက် အကြာမှာ သေတာ။ ကျန်တဲ့ ၃ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ကြားတယ်၊ သတင်းကို ဖုံးထားတာ။" ဟု အမည် မဖော်လိုသူ ထွေအုပ်ဝန်ထမ်း တစ်ဦးက ပြောသည်။
.
၎င်းတို့ သွားရောက်ခဲ့သည့် KTV ဆိုင်ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ငွေ တောင်းခံမှု ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
.
ယင်း ဖြစ်စဉ်သည် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ၏ ခရီးစဉ် ရှိ၍ လုံခြုံရေး တင်းကြပ်ထားစဉ် ဖြစ်ပွားခဲ့သဖြင့် သတင်းအား ဖုံးကွယ်ထားသည့် အပြင် ဗုံး တွေ့သည်ဟု အကြောင်းပြု၍ အာရုံ လွှဲခဲ့သည်ဟုလည်း သိရသည်။
.
" အဲဒီနေ့က ဗုံး တွေ့တယ်ဆိုလို့ ဆိုင် တောင် ပိတ်လိုက်ရတယ်။ ပြီးတော့ ပစ် ခွဲလိုက်တယ်တဲ့။ သူတို့ဟာ သူတို့ လုပ်ဇာတ်ကြီးလို့ ပြောနေကြတာပဲ။ " ဟု ဆိုင်ခန်း ပိုင်ရှင် တစ်ဦးက ပြောသည်။
.
အဆိုပါ ဗုံး တွေ့ရှိမှု ဖြစ်စဉ် အသေးစိတ်ကိုမူ သတင်း ဖုံးကွယ်ထားမှုနှင့် လွတ်လပ်စွာ သတင်း ရယူခွင့် မရှိသည့် အခြေအနေများကြောင့် အသေးစိတ် သိရခြင်း မရှိဘဲ၊ နေ့ တစ်ပိုင်းခန့် လမ်းပိတ်ထားခဲ့သည်ကိုသာ အတည်ပြု နိုင်သည်။