တောင်ကြီးတွင် လမ်းကြိုလမ်းကြားများအတွင်းထိ ယာဉ်ရပ်နားခ ကောက်ခံနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် လမ်းကြိုလမ်းကြားများအတွင်းထိ ယာဉ်ရပ်နားခ ကောက်ခံနေ

.

မြို့တော်တောင်ကြီးတွင် ယာဉ်ရပ်နားခကောက်ခံခြင်းအား အဓိကကျသည့် လမ်းမကြီးများအပြင် လမ်းကြိုလမ်းကြား များအတွင်းထိပါ လိုက်လံကောက်ခံနေကြောင်း ဒေသခံများထံက သိရသည်။

.

.

“အရင်တုန်းက ဒီနေရာမှာလာကောက်တာ တစ်ခါမှမတွေ့ဖူးဘူး။ အခုက လမ်းကြိုလမ်းကြားတွေ အထဲထိ လိုက် ကောက်နေကြတာ။ ပိုက်ဆံသာ ကောက်နေကြတာ သူများကဝင်တိုက်သွားတာ၊ ပျောက်သွားတာမျိုးကြတော့ ဘာတာဝန်မှ ယူတာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

အမှန်တကယ် ယာဉ်ရပ်နားခ ကောက်ခံခွင့်ရှိသည့် နေရာများကို ပြည်သူများ သိရှိအောင် ကြော်ြငာပေးထားရန် လိုအပ်ပြီး ယင်းကဲ့သို့ လေလံမဆွဲထားသည့်နေရာတွင် ယာဉ်ရပ်နားခ ကောက်ခံနေသည့်အတွက် နိုင်ငံတော် အခွန် ဝင်ငွေ မရရှိဘဲ ကန်ထရိုက်နှင့် ယာဉ်ရပ်နားခ ကောက်ခံသူများက လူမိုက်ဆန်ဆန် လုပ်စားနေကြကြောင်း ဒေသခံ များက ပြောဆိုကြသည်။

.

ထို့အပြင် ယာဉ်ရပ်နားခကို သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ခံနေလျက်ရှိကြောင်းလည်း သိရသည်။

.

"ကောက်နေတာက အနည်းဆုံး ၅၀၀ ပဲ။ တချို့ဆို ၁၀၀၀ လောက် ပေးရတယ် ပြောတယ်၊ ၅၀၀ ကတော့ ကိုယ်တိုင် ပေးရတာ။ ထပ်တိုးအချိန်က သပ်သပ်ပေးရတာ။ " ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

.

သတ်မှတ် ယာဉ်ရပ်နားခမှာ ပထမ နာရီပိုင်းအတွက် ယာဉ်ကြီး ၅၀၀ ကျပ်၊ ယာဉ်ငယ် ၃၀၀ ကျပ်နှင့် ဆိုင်ကယ် ၂၀၀ ကျပ်ဖြစ်ပြီး ၂ နာရီ နောက်ပိုင်းအတွက် တစ်နာရီလျှင် ၁၀၀ ကျပ်နှုန်းသာ ဖြစ်သော်လည်း ကြာမြင့်နာရီအတွက် ကျသင့်ငွေ အပြင် အနည်းဆုံး ၅၀၀ ကျပ်ထိ တိုးမြှင့်ကောက်ခံနေခြင်း ဖြစ်သည်ဟု သိရသည်။

.

တောင်ကြီးမြို့ရှိ မြို့မဈေးအနီးတစ်ဝိုက် ကုန်သည်လမ်းကြားတွင် နေရာများတွင် ယာဉ်ရပ်နားမှု များပြားပြီး ရပ်နားခများကို ကြုံသလို လမ်းကြိုလမ်းကြားများအထိ အတင်းအကြပ် လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats