.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၆)၊ မြို့ရှောင်လမ်းဟောင်းအနီး မြေတူးထားရာ နေရာတွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းက အမျိုးသမီးက လေးငယ် ၂ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ရေနစ်သေဆုံးသူ မိန်းကလေးငယ်
၂ ဦးမှာ မနဒီဦး အသက် ၁၃ နှစ် နှင့် မဇင်သပြေဦး အသက် ၈ နှစ်တို့ဖြစ်ပြီး
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၆) အတွင်း နေထိုင်သူများဖြစ်ကြောင်း
သိရသည်။
.
“မြေတူးစက်နဲ့တူးထားတဲ့နေရာက
ရေကန်လိုဖြစ်နေတာပေါ့။ အနက်က လူ ၂ ရပ်စာလောက်ရှိတယ်။ မိုးရွာတော့ အဲဒီနေရာမှာ ရေပြည့်နေတာ။ ကလေးတွေက ရေချိုးဖို့လုပ်ရင်း
အငယ်တစ်ယောက် ချော်ကျသွားတော့ အကြီးမလေးက လိုက်ဆယ်ရင်း ၂ ယောက်လုံး ရေနစ်သွားတာပေါ့”
ဟု နီးစပ်သူတစ်ဦးကပြောသည်။
.
အဆိုပါရေနစ်သေဆုံးသူ
ကလေး၂ ဦး၏ နာရေးအားယနေ့ ဇူလိုင် ၁၉ ရက်နေ့လယ်က စဝ်စံထွန်းဆေးရုံကြီးမှတစ်ဆင့်
တိုင်းရင်းသားပေါင်းစုံသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင်
မိုးသည်းထန်စွာရွာသွန်းတိုင်း ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်တတ်ပြီး
ရေမြောင်းများ အတွင်းကလေးငယ်များ မျောပါသေဆုံးမှု ဖြစ်ပွားဖူးသည့်အတွက် သတိပြုရန်လိုအပ်ကြောင်း
ပြောဆိုမှုများရှိသည်။
.