.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ
ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် ယမန်နေ့ ဇူလိုင်လ ၂၁ ရက်၊ ညပိုင်းနှင့် ယနေ့ ဇူလိုင်
၂၂ ရက် နံနက်ပိုင်းအတွင်း အင်အားကြီးငလျင် ၄ ကြိမ် အပါအဝင် စုစုပေါင်း ငလျင် ၄၈ ကြိမ်
လှုပ်ခတ်သွား ခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ တိုင်းတာချက်အရ သိရသည်။
.
.
အဆိုပါနေရာအနီးတွင်
ဇူလိုင်လ ၂၁ ရက် ည ၁၀ နာရီ ၃၄ မိနစ် ၂၈ စက္ကန့်အချိန်က ရစ်ချ်စတာ စကေး ၂ ဒသမ ၃ အဆင့်ရှိ
အသေးစားငလျင်တစ်ခု စတင်လှုပ်ခတ်ခဲ့ပြီးနောက်
ဇူလိုင်လ ၂၂ ရက်၊ နံနက် ၄ နာရီ၊ ၅၂ မိနစ်၊ ၁၀ စက္ကန့်အချိန်အထိ ၇ နာရီကျော်အတွင်း
ငလျင်လှုပ်ခတ်ခြင်း ၄၈ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သိသာသော အင်အားကြီးငလျင်များမှာ
ဇူလိုင်လ ၂၁ ရက်၊ ည ၁၁ နာရီ၊ ၁၀ မိနစ်၊ ၈ စက္ကန့်အချိန်က လှုပ်ရှားခဲ့သော ရစ်ချ်စတာ
စကေး ၅ ဒသမ ၁ ရှိငလျင်၊ ဇူလိုင်လ ၂၁ ရက်၊ ည ၁၁ နာရီ၊ ၃၇ မိနစ်၊ ၂၄ စက္ကန့်အချိန်က လှုပ်ရှားခဲ့သော
ရစ်ချ်စတာ စကေး ၆ ဒသမ ၄ ရှိ ငလျင်၊ ဇူလိုင်လ ၂၂ ရက်၊ နံနက် ၂ နာရီ၊ ၁ မိနစ်၊ ၄၀ စက္ကန့်အချိန်က
လှုပ်ရှားခဲ့သော ရစ်ချ်စတာ စကေး ၄ ဒသမ ၆ ရှိ ငလျင်နှင့် ဇူလိုင်လ ၂၂ ရက်၊ နံနက် ၄ နာရီ၊ ၅၂ မိနစ်၊ ၁၀ စက္ကန့်အချိန်က
လှုပ်ရှားခဲ့ သော ရစ်ချ်စတာ စကေး ၅ ဒသမ ၃ အဆင့်ရှိငလျင်တို့ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လှုပ်ရှားခဲ့သော
ငလျင်များအနက် ဇူလိုင်လ ၂၁ ရက်၊ ည ၁၁ နာရီ ၃၇ မိနစ်၊ ၂၄ စက္ကန့်က လှုပ်ရှားခဲ့သော ရစ်ချ်စတာစကေး
၆ ဒသမ၄ အဆင့်ရှိ ငလျင်ကြီးသည် ကျိုင်းတုံခရိုင်အတွင်း ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအပြင် ရှမ်းတောင်နှင့် ရှမ်းမြောက်ရှိ မြို့ရွာဒေသအသီးသီးတွင်လည်း
သိသိသာသာ ခံစားလိုက်ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
ယင်းကဲ့သို့ ငလျင်လှုပ်ခတ်မှုများကြောင့်
ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းတွင် တောင်ပြိုပြီး လမ်းပေါ်သို့ ကျောက်တုံး
ကျောက်ခဲများကျကာ လမ်းပိတ်နေမှုဖြစ်ပေါ်နေကြောင်း သိရသည်။
.
မြန်မာ မိုးဇလဌာနကမူ
ကျိုင်းတုံမြို့အနီး၌ ဇူလိုင်လ ၂၁ ရက်၊ ည ၁၁ နာရီ ၁၀ မိနစ်၊ ၈ စက္ကန့်အချိန်က ရစ်ချ်စတာစကေး
၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခုနှင့် ၁၁ နာရီ ၃၇ မိနစ်၊ ၂၆ စက္ကန့်အချိန်က အင်အား ရစ်ချ်စတာစကေး
၆ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်။
.