တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းပေါ်၌ ပျံကျဈေးရောင်းချခွင့်ကို စစ်ကောင်စီခန့် စည်ပင် ပိတ်ပင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းပေါ်၌ ပျံကျဈေးရောင်းချခွင့်ကို စစ်ကောင်စီခန့် စည်ပင် ပိတ်ပင်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၏ လမ်းဘေးဝဲယာတွင် ပျံကျဈေးသည်များ ဈေးရောင်းချမှုအား စစ်ကောင်စီက ခွင့်ပြုခြင်း မပြုတော့ဘဲ ပိတ်ပင်လိုက်ကြောင်း သိရသည်။

.


ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဇူလိုင်လ ၂၇ ရက်က ပြုလုပ်သည့် ပြည်နယ်ယာဉ်အန္တရယ် လမ်းအန္တရယ်ကင်းရှင်းရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ကောင်စီခန့် စည်ပင်သာယာရေးဌာနက ယင်းကဲ့သို့ တားမြစ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ဈေးရောင်းချခွင့် တားမြစ် ပိတ်ပင်လိုက် သော်လည်း ပျံကျဈေးသည်များ၏ စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအား တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိသည့် အပြင် မလိုက်နာပါက အရေးမည်ဟု စည်ပင်ဌာနက သတိပေးထားသေးသည်။

.

" အခုက အကုန် စားဝတ်နေရေး ကျပ်တည်းနေကြတာ။ ဆိုင်ခန်း ငှားပြီး ဈေး မရောင်းနိုင်လို့ ပျံကျရောင်းနေကြရတာပေါ့။ အခက်အခဲဖြစ်လို့ အဆင်ပြေမယ် ထင်တဲ့နေရာမှာ ဈေး လာရောင်းနေရတာ။ အကုန်လုံးက အချိန်ပိုင်းပဲ ရောင်းကြတာပါ။အခုလို လုံးဝ မရောင်းရတော့ဘူးဆိုတော့ ဈေးသည်တွေ အကုန် ဒုက္ခ ရောက်ကုန်တာပေါ့။" ဟု ပျံကျဈေးသည် တစ်ဦးက ပြောသည်။

.

ဗိုလ်ချုပ်အောင်ဆန်းလမ်း လမ်းဘေးဝဲယာ တစ်လျှောက်တွင် အစားအသောက်နှင့် လူသုံးကုန်များအား ပျံကျ ရောင်းချသည့် ဈေးသည် အများအပြား ရှိနေပြီး အများစုမှာ အချိန်ပိုင်းသာ ရောင်းချနေခြင်း ဖြစ်သော်လည်း စစ်ကောင်စီက ဈေး ရောင်းခွင့် မပြုတော့သည့်အတွက် ဈေးသည် မိသားစုဝင် အများအပြား စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

.

ထို့အတူ ပျံကျဈေး မရောင်း၍ အလုပ်လက်မဲ့ ဖြစ်ရတော့မည့် အမျိုးသား တစ်ဦးကလည်း " ကိုဗစ် ဖြစ်ကတည်းက လူတွေ တော်တော်များများ ဒုက္ခ ရောက်နေကြရတာ။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ပို ဆိုးသွားတယ်။ စားဝတ်နေရေးအတွက် ကြုံသလို ဖြေရှင်းနေရချိန်မှာ ခုလို ထ လုပ်တော့ မသေမချင်း သတ်လိုက်သလိုပဲ။ ဝင်ငွေ မရှိတော့ ကလေး ကျောင်းထားဖို့တောင် စဉ်းစားရတော့မယ်။" ဟု ပြောသည်။

.

ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ပျံကျဈေးသည်များ ဈေးရောင်းချခြင်းကို မည်သည့်နေရာမဆို၊ မည်သည့်အချိန်မဆို လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေး ဌာနက ဇူလိုင်လ ၂၉ ရက်တွင် အကြောင်းကြားစာ ထုတ်ပြန် ထားသည်။

Journal Download

Photo of three cats