တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း တစ်လျှောက်ရှိ လမ်းဆုံများနှင့် လူ အသွားအလား များသည့် နေရာများတွင် ယာဥ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
အဆိုပါ အနောက်မြို့ပတ်လမ်းပေါ်ရှိ မီးပွိုင့် အချက်ပြမီးများအား ပိတ်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး ယခုအချိန်ထိ ပြန်လည်အသုံးပြုခြင်း မရှိသည့် အပြင် ယာဉ်ထိန်းရဲများလည်း မရှိခြင်းကြောင့် ယင်းကဲ့သို့ ယာဥ်တိုက်မှုများ ဖြစ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
.
" မီးပွိုင့်တွေက ကိုဗစ် ဖြစ်တည်းက ပိတ်ထားတာ။ အဲဒီနေရာတွေမှာ ခဏခဏ တိုက်ကြတယ်။ ဆိုင်ကယ်ခြင်း တိုက်တာကတော့ နေ့တိုင်းလိုလိုကို ဖြစ်နေတာ။ မီးပွိုင့်တွေ ပိတ်ထားပြီး ယာဥ်ထိန်းလည်း မရှိတော့ မောင်းတဲ့လူတွေအနေနဲ့ ကိုယ့်အသိတရားနဲ့ ကိုယ် ဆင်ခြင်ပြီး မောင်းဖို့ လိုတယ်။ ခုချိန်မှာ ကိုယ်ဖြစ်ကိုယ်ခံပဲ။" ဟု အနောက်မြို့ပတ်လမ်းအနီးနေထိုင်သူ တစ်ဦးက ပြောသည်။
.
အနောက်မြို့ပတ်လမ်းသည် ကုန်တင်ယာဥ်ကြီးများ၊ တွဲယာဥ်များ အဓိက ဖြတ်သန်းသွားလာနေသည့် လမ်း ဖြစ်ကာ ဧရာဝတီလမ်းဆုံ၊ ဝါးပြားလမ်းဆုံ၊ ကံသာဓမ္မာရုံလမ်းဆုံ၊ နိဗ္ဗာန်လမ်းဆုံ နှင့် နဂါးပွက်ကျောင်းလမ်းဆုံ တို့တွင် မီးပွိုင့်များ ရှိသော်လည်း အချက်ပြမီးများကို ပိတ်ထားခြင်း ဖြစ်သည်။