စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲရန် အကောင်းဆုံးအချိန်ရောက်ရှိနေ ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲရန် အကောင်းဆုံးအချိန်ရောက်ရှိနေ ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြော

.

ယိုင်နဲ့ချိနဲ့နေပြီဖြစ်သော စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲရန် အကောင်းဆုံးအချိန်အခါကို ရောက်ရှိနေပြီဟု ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇူလိုင် ၁၇ ရက်တွင်ပြုလုပ်သည့် Townhall Meeting တွင် ပြောကြားခဲ့သည်ဟု သိရသည်။

.

.

“ဒီလူအင်အား၊ ငွေအင်အားတွေဆိုတာလည်း အခုချိန်ထိ အားမလျှော့ဘဲ တစ်စိုက်မတ်မတ် အားဖြည့်နေကြတဲ့ ပြည်သူတွေရဲ့ အင်အားတွေပါပဲ။ ဒီခရီးကြမ်းကို ဒီပြည်သူတွေရဲ့ အားနဲ့  ဒီအခြေအနေထိ ရောက်လာပြီမို့ အဆုံးထိ အောင်မြင်အောင် ဆက်လုပ်ကြဖို့ပဲကျန်ပါတယ်။ ယိုင်နဲ့ ချိနဲ့နေပြီဖြစ်တဲ့ စစ်ကောင်စီကိုအပြီးတိုင်ဖြိုလှဲချဖို့ အခုချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်နေပါပြီ။ ကျွန်တော်အမြဲပြောခဲ့သလို ဒီတော်လှန်ရေးဟာ ကျွန်တော်တို့မြန်မာ နိုင်ငံသမိုင်းမှာ မတူညီ၊ ကွဲပြားမှုတွေရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊နေရာဒေသအသီးသီးကပြည်သူတွေစု စည်းမိတဲ့ ထူးထူးခြားခြားတော်လှန်ရေးဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  တော်လှန်ရေးအစိုးရတစ်ရပ်၏ တာဝန်၊ မြေပြင်စီမံခန့်ခွဲမှုများကို လုပ်ဆောင်နေသည့် အစိုးရ တစ်ရပ်၏တာဝန်ရော၊ တာဝန် ၂ ရပ်လုံးအတွက် ရှိသမျှလူအင်အား၊ ငွေအင်အားများနှင့် ကြိုးစားစီမံခန့်ခွဲနေလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆက်လက်ပြောဆိုခဲ့သည်။

.

“နှစ် ၇၀ တိုက်ပွဲအတွေ့အကြုံရှိခဲ့တဲ့ ဒီအကြမ်းဖက်စစ်တပ်ကို တစ်နှစ်ပြည့်အောင် အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော်တို့ရဲ့ PDF တွေဟာမဟာမိတ်များရဲ့အကူအညီနဲ့ အပြတ်အသတ်ချေမှုန်းနိုင်နေတာတွေကြည့်ရင် ဒီတော်လှန်ရေး အောင်မြင်မယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ စစ်ကောင်စီရဲ့ တစ်ခုတည်းသော ကယ်တင်ရာကတော့ လေကြောင်းပါပဲ။ ဒီလေကြောင်းရန်ကိုကာကွယ်ဟန့်တားနိုင်မယ့် နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ အမြဲကြိုးပမ်းရှာဖွေနေပါတယ်။ နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အခါတိုင်းလည်း ထည့်သွင်း ဆွေးနွေးပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

.

နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်သည့် အားလျော်စွာ ၂၀၂၁ ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ ပြည်သူ အားလုံးတက်ညီလက်ညီ ရုန်းကန်လာကြသည်မှာ ၁ နှစ်နဲ့ ၅ လရှိသွားပြီဖြစ်ပြီး ပြည်သူ၊ ပြည်သားများ၏ ခိုင်မာသည့် ဇွဲသတ္တိသည် မှတ်ကျောက်တင်ရမည့် ဇွဲသတ္တိမျိုးဖြစ်ကြောင်း ၎င်းက ပြောသည်။

.

တစ်ရက်မြန်မြန်အဆုံးသတ်နိုင်လေ ပြည်သူတွေအတွက် တစ်ရက် ဒုက္ခတွေသက်သာလေမို့ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ပိုမိုကြိုးစားသွားကြမယ်လို့ ကတိပြုပါတယ်။ စစ်အာဏာရှင်ကို တွန်းလှန်ခဲ့တဲ့ ခေတ်အ ဆက် ဆက် ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့အတူ အခုနွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေ ကို အလေးပြုရင်း ဒီတော်လှန်ရေးကို အောင်မြင်သည်အထိ ပြည်သူတွေနဲ့အတူ ကြိုးပမ်းသွားပါမယ်” ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

.

Townhall Meeting  ဆွေးနွေးပွဲကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) မြန်မာစံတော် ချိန် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

#KBZTai #17July2022

.

Link –

.

Journal Download

Photo of three cats