ဂိတ်သရမ်းတွေနဲ့ စီးပွားရေးပျက်လာတဲ့ တောင်ကြီးမြို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဂိတ်သရမ်းတွေနဲ့ စီးပွားရေးပျက်လာတဲ့ တောင်ကြီးမြို့

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်မှာရှိတဲ့ မြို့မဈေးကြီးက မြို့ပေါ်နေထိုင်တဲ့ ပြည်သူတွေအပြင် အနီး ပတ်လည် မြို့ရွာတွေက အားထားရတဲ့ ဈေးကြီး။ ရောင်းရေးဝယ်တာ အချက်အချာကျတဲ့ နေရာမှာရှိတဲ့အတွက် ဈေးသည် ဈေးဝယ် စည်ကားတယ်လို့ ဆိုနိုင်တယ်။

.

.

မြို့မဈေးကြီးအတွင်းမှာ အိမ်သုံးကုန်၊ လူသုံးကုန်၊ စားသောက်ကုန် အစုံရတယ်။ နယ်ပေါင်းစုံကို သွားလာလို့ရတဲ့ ကားဂိတ်တွေရှိနေလို့ အရပ်ရပ်က ဈေးဝယ်လာသူတွေအတွက် ပိုအဆင်ပြေတယ်လို့ ဆိုနိုင်တယ်။ မြို့မဈေးကြီး အတွင်းမှာ တစ်ပိုင်တစ်နိုင် လက်လီစိတ် ရောင်းချတဲ့ ဈေးဆိုင်တွေရှိသလို လက်ကားဖြန့်ဖြူးရောင်းချတဲ့ ဈေးဆိုင် ကြီးတွေ အများအပြား လည်ပတ်နေပါတယ်။

.

ပြည်သူတွေ ကြုံတွေ့ရတဲ့ အနေအထားက ဟိုဘက်ရပ်ကွက်နဲ့ ဒီဘက်ရပ်ကွက် သွားချင်ရင်တောင် လုံခြုံမှု မရှိတော့ဘူး ဆိုရမလား။ ပိုက်ဆံပေးမှ သွားလို့ရတော့မယ့် အခြေအနေ။

.

ရှမ်းပြည်ထုံးစံ ငါးရက်တစ်ဈေးက တောင်ကြီး မြို့မဈေးကြီးရဲ့ အသက်။ ငါးရက်တစ်ဈေးမှာ ဈေးသည်ဈေးဝယ် အစုံအလင် တွေ့ရတယ်။ အနယ်နယ်အရပ်ရပ်က ဈေးသည်တွေ လာရောက်ရောင်းချကြတယ်။ မြို့ပေါ်နေ အိမ်ထောင်ရှင်မတွေလည်း ငါးရက်တစ်ဈေးကို အားထားဝယ်ယူကြတယ်။

.

ဒီလို စည်ကားတဲ့မြို့မဈေးကြီးဟာ အခုဆိုရင်ငါးရက်တစ်ဈေး ဈေးနေ့မှာတောင် အရောင်းအဝယ်ပါးပြီး နယ် ဝယ်လက်တွေ လျော့နည်းလာတယ်လို့ ကြားသိနေရတယ်။ အရင်တုန်းက ကြိတ်ကြိတ်တိုး စည်ကားတဲ့ ဈေးဆိုင် တွေတောင် အခု ပုံမှန်အနေအထားမရှိ။ ဈေးသည်တွေရဲ့ တူညီတဲ့ပြောဆိုချက်က သွားရေးလာတာ ခက်ခဲလာတယ် ဆိုတဲ့အကြောင်း။

.

လက်ရှိ ကြုံတွေ့နေရတဲ့ အနေအထားက တောင်ကြီးမြို့ကိုလာဖို့ အရင်လို လွယ်ကူခြင်းရှိမနေဘူး။ ပင်လောင်း၊ ကလော၊ ရပ်စောက်၊ တောင်နီ၊ ပင်ဖြစ် အစရှိတဲ့ မြို့ရွာတွေကလာရင် လမ်းခရီးမှာ စစ်ဆေးရေးဂိတ် ပေါင်းစုံကို စိတ်မချမ်းမသာ ဖြတ်ကျော်လာကြရတယ်။ မှတ်ပုံတင်၊ COVID-19 ဆေးထိုးကတ်ပါမှ တောင်ကြီးမြို့ကို ဝင်လို့ရ နိုင်တယ်။ ဒါတွေမှမပါရင် တောင်ကြီးမြို့ကို လာပြီး ဈေးဝယ်လို့ မရနိုင်ဘူး။ အရေးပေါ် ကျန်းမာရေးအတွက် ဆေးဝယ်လို့ မရနိုင်တော့ဘူး။ အကြောင်းပြချက် မယ်မယ်ရရ ထုတ်ပြန်ထားခြင်း မရှိပေမဲ့ ပြည်သူတွေကတော့ ဈေးဝယ်၊ ဆေးဝယ်ဖို့တောင် အတော်ကြီး ဒုက္ခရောက်ကြရတဲ့ အနေအထား ကြုံတွေ့နေကြရတယ်။

.

အခုနောက်ထပ် ကြုံတွေ့လာရတဲ့ အခြေအနေတစ်ခုက မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေ။ ဆိုင်ကယ် စီးနင်းလာတဲ့အချိန် ဦးထုပ်မပါရင် ဒဏ်ကြေးငွေ ကောက်ခံတယ်။ မော်တော်ဆိုင်ကယ် နံပါတ်ပြားမပါရင် ဒဏ်ကြေးငွေ ကောက်ခံတယ်။ ၃ ယောက်စီးသွားတာနဲ့ကြုံရင် ဒဏ်ကြေးငွေ ကောက်ခံတယ်။ အပြည့်အစုံပါရင်လည်း အနည်းအကျဉ်းတော့ ရစ်တာ ကြပ်တာနဲ့ ကြုံရတယ်လို့ ပြောဆိုမှုတွေရှိတယ်။ ရစ်တာ ကြပ်တာကို အများဆုံး ကြုံရတာက ညနေစောင်းအချိန်မှာ အဖြစ်များတယ်လို့ ဆိုကြတယ်။ ညနေစောင်းဆိုတာ အားလုံးသိကြတဲ့အတိုင်း ဇိုးသမားတိုင်း မူးရစ်ရမ်းကားတတ်တဲ့အချိန်။ လူစိတ် ပိုပျောက်တတ်တဲ့အချိန်။

.

ရှေ့နှစ်ရက်လောက်က အလုပ်ကိစ္စနဲ့ ရွှေညောင်ကို ခဏသွားတာပေါ့။ အပြန်ကျတော့ ဆိုင်ကယ်အနောက်မှာ ထိုင်တဲ့ ညီမက မေးသိုင်းကြိုးတပ်တဲ့ကလစ် ပျက်သွားတာနဲ့ ဦးထုပ်ကို လက်ကကိုင်ပြီး စီးလာတာ။ ဂိတ်ဖြတ်ကာနီးကျတော့ သတိမထားမိလိုက်ဘူး။ ဂိတ်နားလည်းရောက်ရော ဆိုင်ကယ်ရပ်ခိုင်းပြီး ဦးထုပ်မဆောင်းလို့ဆိုပြီး ဒဏ်ငွေဆောင်ခိုင်း တာပေါ့။ ချလံတွေဘာတွေဖြတ်ပြီး ဆောင်ခိုင်းတာမျိုးမဟုတ်ဘူး။ ဒီအတိုင်း ပိုက်ဆံတောင်းကြတာ။ ဦးထုပ် မဆောင်းလို့ ဆိုပြီး ဒဏ်ငွေနှစ်သောင်း ဆောင်ခိုင်းတယ်။ လက်ထဲမှာ ပိုက်ဆံမပါဘူးပြောတော့ တစ်သောင်းတော့ ဆောင်ရမယ်ဆိုလို့ လက်ထဲပါတာ ပေးခဲ့ရတယ်လို့ ထုံးဖိုဂိတ်မှာ ကြုံတွေ့လာရသူတစ်ယောက်က ပြောတယ်။

.

မြို့ပေါ်နေပြည်သူတစ်ယောက် ကြုံရတာလည်း တစ်မျိုး။ ကျောင်းကြီးစုရပ်ကွက်မှာ နေတဲ့လူက ကံကြီးရပ်ကွက်မှာ ရှိတဲ့ DENKO ဆီပန့်မှာ ကားထဲဓာတ်ဆီသွားထည့်တယ်။ ဆီထည့်ပြီးပြန်လာတော့ သံလမ်းစစ်ဆေးရေးဂိတ်မှာ အစစ်အဆေးနဲ့ တိုးတယ်။ သူမောင်းသွားတဲ့ကားက အလွတ်ဖြစ်နေတဲ့အတွက် ဒဏ်ငွေသုံးသောင်း ပေးဆောင်ခဲ့ ရတယ်။

.

ကျောင်းကြီးစုရပ်ကွက်နဲ့ ကံကြီးရပ်ကွက်ဆိုတာ ရထားသံလမ်းလေး တစ်ခုပဲခြားတယ်။ ရပ်ကွက် နှစ်ခုလုံးက မြို့ပေါ် ရပ်ကွက်တွေ။ ပြည်သူတွေ ကြုံတွေ့ရတဲ့ အနေအထားက ဟိုဘက်ရပ်ကွက်နဲ့ ဒီဘက်ရပ်ကွက် သွားချင်ရင်တောင် လုံခြုံမှု မရှိတော့ဘူး ဆိုရမလား။ ပိုက်ဆံပေးမှ သွားလို့ရတော့မယ့် အခြေအနေ။

.

တောင်ကြီးမြို့ကို ဝင်ရောက်မယ်ဆိုရင် အေးသာယာထုံးဖိုဂိတ်၊ ပလီလင်းဂိတ်၊ ဟိုပုံးဘက်က ဝင်မယ်ဆို ၄ မိုင် စစ်ဆေးရေးဂိတ်နဲ့ ကျောက်တလုံးကြီးဘက်က ဝင်မယ်ဆို မီးပုံးပျံကွင်းနားက သံလမ်းဂိတ်တွေကို ဖြတ်ကျော်ရတယ်။ လက်ရှိကြုံတွေ့နေရတာက တောင်ကြီးမြို့ပေါ်ကလူတွေ အေးယာယာ၊ ရွှေညောင်သွားဖို့မလွယ်။ အနီးပတ်လည် မြို့နယ် ကျေးရွာကလူတွေ တောင်ကြီးမြို့ကို စိတ်အေးလက်အေး လာလို့မရ။

.

မြန်မာစကားပုံ တစ်ခုရှိတယ်။ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေတဲ့။ လက်ရှိပြည်သူတွေ ကြုံတွေ့နေရတာက သွားလမ်းလည်း မသာယာ၊ လာရာလမ်းမဖြောင့်တန်း။ ဂိတ်ပေါင်းစုံ သရမ်းတဲ့ဒဏ် ခံနေရတဲ့ မြို့တောင်ကြီးလို့ ဆိုရမလား။

.

Journal Download

Photo of three cats