.
ဝုန်း ဝုန်း ဝုန်း
....
.
သူပုန်များ
အိမ်ထဲဝင်စီးခြင်း မဟုတ်ပါ။ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ အလိုတော်ရိများ
ဧည့်စာရင်းစစ်ရန် အိမ်တံခါးခေါက်ခြင်းသာဖြစ်သည်။ တံခါးခေါက်ခြင်း ဆိုသည်ထက် အကြမ်းဖက်ကာ
တံခါးကို ဖျက်ဆီးနေခြင်း ဖြစ်သည်။
.
.သူပုန်များထက်ဆိုသည့်
စစ်ကောင်စီတပ်သားများ၊ အလိုတော်ရိများသည် ပြည်သူလူထု၏ နေအိမ်များကို ယင်းကဲ့သို့
အကြမ်းဖက် ဝင်ရောက်နှောင့်ယှက်နေခြင်းမှာ ယခုတစ်ကြိမ်မှမဟုတ်။
စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းကတည်းက ဖြစ်သည်။
.
ဧည့်စာရင်းဥပဒေ ဟူသည်မှာ အာဏာရှင်တို့က ၎င်းတို့ အာဏာတည်မြဲရေးအတွက် သက်သက် ပြဌာန်းထားခြင်းသာ ဖြစ်သည်။
.
ခေတ်အဆက်ဆက်
စစ်အာဏာပိုင်များက ၎င်းတို့ကို တော်လှန်မည်ဟု သံသယရှိသူများကို ထိန်းသိမ်း
ဖမ်းဆီးနိုင်ရန် အတွက် ဧည့်စာရင်းဥပဒေကို ပြဌာန်းခဲ့ကြသည်။
နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေး ဟု ဆိုသော်ငြားလည်း
အမှန်တကယ်တမ်းတော့ ၎င်းတို့ အမြင်မကြည်သူများကို နှိပ်ကွပ်ရန်အတွက်သာ ဖြစ်သည်။
.
နေ့တစ်ဓူဝ
အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ပြီး အများပြည်သူ
အိပ်စက်အနားယူချိန် ညဉ့်နက် သန်းခေါင်ယံအချိန် အိပ်တံခါး အတင်းတွန်း၍ ဒုက္ခပေးနေသည်မှာ
ဧည့်စာရင်းပင် ဖြစ်သည်။
.
“ဧည့်စာရင်းက ရှောင်တခင်ပုံစံမျိုးစစ်နေတာပေါ့။
အဓိကကတော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေကို စစ်နေတာပေါ့။ အိမ်မှာ အမျိုးတွေလာရင်လည်း ဧည့်စာရင်းတိုင်ထားတာ
ကောင်းပါတယ်။ အခုက သူတို့ လုပ်ချင်သလိုလုပ်နေကြ တာလေ” ဟု တောင်ကြီးဒေသခံတစ်ဦးက
ပြောသည်။
.
NLD အစိုးရလက်ထက်တွင်
ပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဧည့်စာရင်းဥပဒေကို ဖျက်သိမ်းပေးခဲ့သည်။
သို့သော် စစ်အာဏာရှင် ခေါင်းဆာင် အာဏာလုပြီး ရက်ပိုင်းအတွင်းမှာပင် ယင်း
ဧည့်စာရင်းဥပဒေကို တစ်ဖန် အသက်သွင်းခဲ့ ပြန်သည်။
.
မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ
ပေါက်ဖွားလာပြီး နိုင်ငံသားကတ်ပြား ကိုင်ဆောင်ထားသော နိုင်ငံသားတစ်ဦး အနေဖြင့်
မြန်မာနိုင်ငံအတွင်း မည်သည့်နေရာ ဒေသတွင် နေထိုင်သည်မဆို နေထိုင်ခွင့် မရှိပါသလား။
ဘာကြောင့်များ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးထားပါသနည်း။ ထိုသို့ဆိုလျှင်
ဧည့်စာရင်းဖြင့် လုံလောက်ပါပြီလော။
.
ကမ္ဘာ့ မည်သည့်ဒီမိုကရေစီနိုင်ငံတွင်မဆို
နိုင်ငံသားများကို နှိပ်ကွပ်သော ဧည့်စာရင်းဥပဒေ မရှိပါ။ နိုင်ငံသားတစ်ဦး အနေဖြင့်
မိမိနိုင်ငံအတွင်း မည်သည့်အရပ်ဒေသတွင်မဆို လွတ်လပ်စွာ နေထိုင်ခွင့် ရှိပါသည်။
.
စစ်ကောင်စီသည်
၎င်းတို့ အာဏာလုပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ဧည့်စာရင်းဥပဒေကို တစ်ဖန်ပြန်လည်
အသက် သွင်းခဲ့သလို ပြည်သူ့ဘဝ လုံခြုံမှု၊ လွတ်လပ်မှုတို့အတွက်
အရပ်သားအစိုးရလက်ထက်က ပယ်ဖျက်ပေးခဲ့သော ဥပဒေ များကိုလည်း ပြန်လည်အသုံးပြုခဲ့ပြီး
ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခဲ့သည်။
.
ရာဇဝတ်မှု
လျော့နည်းကျဆင်းရေး ဟူသော ခေါင်းစဉ်ဖြင့် ဧည့်စာရင်း စစ်ဆေးခြင်းမှာလည်း
လုံလောက်သည့် အကြောင်းပြချက် မဟုတ်ပါ။ မည်သည့် ရာဇဝတ်သားမျှ တရားဝင်
ဧည့်စာရင်းတိုင်၍ မြို့ပေါ်တွင် နေထိုင်မည် မဟုတ်ပါ။ နေထိုင်နေပါကလည်း
စုံစမ်းဖော်ထုတ်ရန်မှာ ရဲတပ်ဖွဲ့၏ တာဝန်သာဖြစ်သည်။
.
ဧည့်စာရင်းဥပဒေ
ဟူသည်မှာ အာဏာရှင်တို့က ၎င်းတို့ အာဏာတည်မြဲရေးအတွက် သက်သက် ပြဌာန်းထားခြင်းသာ
ဖြစ်သည်။
.
အရပ်သားအစိုးရလက်ထက်က
ဧည့်စာရင်းဥပဒေကို ပယ်ဖျက်လိုက်ခြင်းကြောင့် စစ်ကောင်စီအလိုတော်ရိများ၊ မျိုးချစ်
ဟု ဆိုသူများက က အမျိုးမျိုး ဝေဖန်ပြောဆိုကြသည်။ အမှန်တကယ် ဧည့်စာရင်းဥပဒေကို
ပြန်လည်ပြဌာန်းလိုက်ခြင်း ဖြင့် မည်သူမည်ဝါ အကျိုးရှိပါသနည်း။ ပြည်သူတို့၏
လွတ်လပ်မှုနှင့် လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နိုင် ရန်အတွက်
ယင်းဥပဒေကို ပြန်လည်ပြဌာန်းခြင်းဖြစ်သည်ဟုသာ ဆိုရပါမည်။
.
အဆိုးရွားဆုံးမှာ
မူးယစ်ရီဝေနေသော စစ်ကောင်စီတပ်သားများ၊ ရဲများက ညအချိန်မတော် အခါမတော်
မိန်းမပျိုများ နေထိုင်ရာ နေရာပါမချန် ဧည့်စာရင်းစစ်သည်ဟူသော အကြောင်းပြချက်ဖြင့်
ဝင်ရောက်မွှေနှောက်ရှာဖွေကြခြင်း ဖြစ်သည်။
.
သွားရောက်စစ်ဆေးသော
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့သားများ၊ စစ်ကောင်စီတပ်သားများ၊ ရဲများ
ဟောက်စား လုပ်ရာ ခွင် (ဂွင်) တစ်ခုသာ ဖြစ်သည်။
.
“ရပ်ကွက်တွေထဲမှာတော့
ဧည့်စာရင်းတိုင်ဖို့ စာကပ်ထားတာတွေရှိတယ်။ နယ်မြေမှူးကို အကြောင်းကြားထားရမယ် ပေါ့။
အထက်ညွှန်ကြားချက်အရ ရှောင်တခင်စစ်မယ်ဆိုတာမျိုးပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
.
လက်ရှိတွင်
စစ်ကောင်စီတပ်သားများက ဧည့်စာရင်း ဟူသောအကြောင်းပြချက်ဖြင့် လူထုကို
ဖမ်းဆီးနှိပ်ကွပ်နေသည် မှာ အားလုံးအသိပင်ဖြစ်သည်။
.
လူထုဘဝ အမှန်တကယ်
လုံခြုံရေးမှာ ယင်းညသန်းခေါင်ယံအိပ်မက်ဆိုးမှ လွတ်မြောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ်
ကျဆုံးရေးသာဖြစ်ပါသည်။ ဧည့်စာရင်းဥပဒေ ပြဌာန်းရုံဖြင့် ပြည်သူ့ဘဝ လုံခြုံမှု
မရနိုင်ပါ။ အရပ်သားအစိုးရ လက်ထက်က မည်သည့်ဧည့်စာရင်းမျှ မစစ်ဆေးပါဘဲ ပြည်သူ့ဘဝ
လုံခြုံအေးချမ်းခဲ့သည်ကို အမှတ်ရစေချင်ပါသည်။
.
စစ်ကောင်စီတပ်သားများ၊
အလိုတော်ရိများ ထင်ရာစိုင်း ရိုင်းခွင့်ပေးထားသော ဧည့်စာရင်း သို့မဟုတ်
ပြည်သူတို့၏ ည သန်းခေါင်ယံအိပ်မက်ဆိုးမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း။ ။
.