.
မြန်မာနိုင်ငံ၏
အစိုးရရုံးပိတ်ရက်များအနက် နိုင်ငံတော်အထိမ်းအမှတ် အခမ်းအနားအဖြစ် လွတ်လပ်ရေးနေ့၊
ပြည်ထောင်စုနေ့၊ တော်လှန်ရေးနေ့ (တပ်မတော်နေ့)၊ အမျိုးသားနေ့ဟူသော နေ့ထူးများမှာ
လွတ်လပ်ရေးအောင်ပွဲ၊ ပြည်ထောင်စုတိုင်းရင်းသားများ စည်းလုံးညီညွတ်ခြင်းအောင်ပွဲ၊
ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်ခဲ့သည့်နေ့၊ အမျိုးသားအောင်ပွဲနေ့ စသည်ဖြင့်
အောင်မြင်မှု အထိမ်းအမှတ်နေ့များဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။
.
.အာဇာနည်နေ့မှာမူ
အမျိုးသားခေါင်းဆောင်ကြီးများ၊ အာဇာနည် ခေါင်းဆောင်ကြီးများကို
လက်လွတ်ဆုံးရှုံးခဲ့ရသည့် ဝမ်းနည်းဖွယ်ရာ အထိမ်းအမှတ်နေ့ တစ်ခုပင် ဖြစ်သည်။
.
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို ဆောင်ထားလျှင်ပင် ရာဇဝတ်ပြစ်မှုတစ်ခု ကို ကျူးလွန်သကဲ့သိ့ အဖမ်းအဆီးခံရသည့် အခြေအနေမျိုးကို ဖြတ်သန်းခဲ့ရသည်။
.
ယနေ့ ၂၀၂၂ ခုနှစ်၊
ဇူလိုင်လ ၁၉ ရက်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ
အာဇာနည် ပုဂ္ဂိုလ်ကြီးများ နိုင်ငံအတွက် အသက်ခန္ဓာ ပေးဆပ်ခဲ့သည်မှာ နှစ်ပေါင်း ၇၅
နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
.
အာဇာနည်နေ့တွင်
မြန်မာပြည်တစ်ဝှမ်း အစိုးရရုံးဌာနများ၊ စက်ရုံ၊ အလုပ်ရုံများ၊ နေအိမ်များတွင်
ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူကာ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများကို လွှမ်းဆွတ်တသ
သတိရကြောင်း ဖော်ပြကြသည်။ ပန်းခွေချ အလေးပြုကြသည်။
.
ဤနေရာတွင် အာဇာနည်
ခေါင်းဆောင်ကြီးများကို လွမ်းနေပြရုံဖြင့် တမလွန်မှ အာဇာနည်ခေါင်းဆောင်ကြီးများ
ကျေနပ်နိုင်ကြမည်လားဟု တွေးကြည့်သော် ကျေနပ်နိုင်ကြမည် မဟုတ်ချေ။
အာဇာနည်ခေါင်းဆောင်ကြီးများ အသက် ခန္ဓာဖြင့် ရင်းနှီး၍ ရယူတည်ဆောက်ခဲ့သော
ပြည်ထောင်စု နိုင်ငံတော်ကြီးမှာ ယနေ့အချိန်အထိ ဗိုလ်ချုပ်တို့ မျှော်မှန်း သလို
ဖြစ်မလာသေးသည်ကို သတိပြုမိရမည် ဖြစ်သည်။
.
အာဇာနည်ခေါင်းဆောင်ကြီးများကို
သတိရ လွမ်းဆွတ်လျှင် အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း
ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် နိုင်ငံတော်ကို ထူထောင်နိုင်ရမည် ဖြစ်သည်။
.
စစ်ကြိုခေတ်ကာလတွင်
ဗိုလ်ချုပ်အောင်ဆန်းတို့လို တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးလောကသို့ ဝင်ရောက်
လာခဲ့ပြီးနောက် မြန်မာ့လွတ်လပ်ရေး၏ ရောင်နီဦးကို စတင် မြင်တွေ့ခဲ့ကြရသည်။
စစ်တွင်းကာလတွင်လည်း ကျားကျောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုသကဲ့သို့
ဗြိတိသျှတို့ထက် ပိုမိုကောက်ကျစ်စဉ်းလဲသော ဖက်ဆစ်တို့ ၏ဒဏ်ကို မြန်မာပြည်သူတို့
ခံစားခဲ့ကြရသည်။
.
မျက်မှောက်ခေတ်
မြန်မာ့သမိုင်းတစ်လျှောက်တွင် ထိုကာလမှ စတင်၍ လွတ်လပ်ရေးရလုဆဲ အချိန်ကာလအထိ
မြန်မာတစ်မျိုးသားလုံး အညီညွတ်ဆုံးအချိန်ဟု ဆိုချင်ပါသည်? ပြည်သူတစ်ရပ်လုံး၏
စုစည်းညီညွတ်အားဖြင့် ဖက်ဆစ်နယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ အကြမ်းနည်းဖြင့်
တိုက်ထုတ်ချေမှုန်းနိုင်ခဲ့သလို တောင်ပေါ်မြေပြန့် တိုင်းရင်းသားတို့စု
စည်းညီညွတ်အားဖြင့် အင်္ဂလိပ်လက်အောက်မှ မြန်မာပြည် လွတ်လပ်ရေး ရယူနိုင်ခဲ့ကြသည်။
.
သို့သော်
လွတ်လပ်ရေးရယူပြီးကာလမှ စတင်၍ နိုင်ငံရေးအယူဝါဒ၊ တိုင်းရင်းသားလူမျိုးရေးရာဝါဒ
အကြောင်းအ မျိုးမျိုးကြောင့် ထင်းအစည်း ပြေသကဲ့သို့ မြန်မာပြည် စုစည်းညီညွတ်မှု
ပျက်ပြားခဲ့ရသည်။ ဆိုးမွေအဖြစ် စစ်အုပ် ချုပ်ရေး ယန္တရားအောက်တွင် မြန်မာပြည်
သက်ဆိုးရှည်ခဲ့ရသည်။
.
ယုတ်စွအဆုံး
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို ဆောင်ထားလျှင်ပင်
ရာဇဝတ်ပြစ်မှုတစ်ခု ကို ကျူးလွန်သကဲ့သိ့ အဖမ်းအဆီးခံရသည့် အခြေအနေမျိုးကို
ဖြတ်သန်းခဲ့ရသည်။
.
အရပ်သားအစိုးရလက်ထက်
၅ နှစ်ကြာ ဖြတ်သန်းပြီးချိန်တွင် အာဏာကို လက်မလွှတ်လိုသော စစ်ခေါင်းဆောင်က
ပြည်သူ့အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပြန်ရာ မြန်မာပြည်ကြီး Good Luck မဖြစ်ခဲ့ဘဲ
စစ်အုပ်ချုပ်ရေးအောက်တွင် ထပ်မံ နွံနစ်ရပြန်သည်။
.
၁၉၆၂ ခုနှစ်၊
ဗိုလ်နေဝင်း အာဏာသိမ်းချိန်မှ စတင်ရေတွက်ပါက မြန်မာနိုင်ငံတွင်
စစ်အာဏာရှင်လက်အောက်၌ နေထိုင်ခဲ့ရသည်မှာ နှစ်ပေါင်း ၆၀ ပင် ရှိပြီဖြစ်သည်။
ယင်းကာလအတွင်း အရပ်သားအစိုးရ အုပ်ချုပ်မှု ၅ နှစ်ကိုသာ ပြည်သူတို့
ဖြတ်သန်းခဲ့ရသည်။
.
“ငါတို့ စစ်တပ်ဟာ
နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်၊
စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး၊ ဒါက
စကား ရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ၊ ဒီစကား ကျုပ် ပြောတာဟာ စစ်တပ်ကို
ပြန်နှိမ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး" ဟု ဗိုလ်ချုပ် အောင်ဆန်းက
ပြောဆိုခဲ့သည်။
.
ယင်းစကားများသည်
နှစ်ပေါင်း ၇၀ ကျေ်တိုင်သော်လည်း မှန်နေဆဲ အမှန်တရားများဖြစ်သည်။ လက်ရှိ အမှန်တရားတွင်
စစ်တပ်သည် ပြည်သူတို့ကို နှိပ်ကွပ်ရာ လက်နက်သဖွယ် ဖြစ်နေသည်။ စစ်ကောင်စီနှင့်
၎င်းတို့၏ ဘက်တော်သားများ၊ ရဲများက ပြည်သူ့ချဉ်ဖတ် ဖြစ်နေကြသည်။
.
တစ်ချိန်က
ဗိုလ်ချုပ် မျှော်မှန်းခဲ့သလို ပြည်သူ့စစ်တပ်၊ ပြည်သူများ အားကိုးအားထားပြထိုက်သော
စစ်တပ် မဖြစ်မလာခဲ့ဘဲ ပြည်သူကို ဒုက္ခပေးသော စစ်တပ်သာ ဖြစ်နေခဲ့သည်။
.
စစ်တပ်၏
ကျဆင်းနေသော ပုံရိပ်ကို အရပ်သားအစိုးရလက်ထက် ၅ နှစ်တာအတွင်း အထိုက်အလျောက် ပုံဖော်
နိုင်ခဲ့သော်လည်း စစ်ခေါင်းဆောင် အာဏာရူး၍ တိုင်းပြည်အာဏာလုချိန်တွင် စစ်တပ်၏
ပုံရိပ်မှာ ကျဆင်းခဲ့ရသည်။
.
လူတစ်ဦးတစ်ယောက်၊
တစ်စုအတွက် အသေခံနေရသော စစ်တပ်သည် သက်ဆိုးမရှည်နိုင်ဘဲ ကျဆုံးခြင်းများစွာဖြင့်
ကျဆုံးခန်း ရောက်နေရသည်။ အမှန်တကယ် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို စစ်တပ်သည်
တိုင်းပြည်၏ အစေခံ ဖြစ်နေပါက ယင်းကဲ့သို့ ကျဆုံးခြင်းမျိုးဖြင့်
ကျဆုံးနိုင်မည်မဟုတ်ချေ။
.
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသော နိုင်ငံ့ခေါင်းဆောင်များကို အားနာလျှင်ဖြင့် ပြည်သူ့မျက်နှာကို
ကြည့်သော ပြည်သူ့စစ်တပ်များဖြစ်နိုင်ပါစေကြောင်းနှင့် ၇၅ နှစ်မြောက်
အာဇာနည်နေ့မှသည် အာဇာနည်ကြီးများကို အမှန်ကယ် လေးစားကြည်ညိုကာ အာဇာနည်ကြီးများ၏
လမ်းညွှန်မှုကို လိုက်နာနိုင်ပါစေကြောင်း။
။
.