.
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့က သာယာတယ်၊ လှပတယ်။ တောင်တန်းကြီးပေါ်မှာ ရှိတဲ့အတွက်
အမြဲအေးချမ်းနေတတ်တယ်။ တောင်ကြီးမြို့ဆိုတဲ့ နာမည်နဲ့တင် မြန်ပြည်တစ်ဝှမ်းက အထင်ကြီးခံနေရတဲ့မြို့။
ရောက်ဖူးသူတိုင်းက ဒီမြို့ကို ချီးမွမ်းထောပနာ ပြုတတ်ကြတယ်။ နတ်ပြည်နတ်ဘုံနဲ့ တူတဲ့မြို့တဲ့။
.
မြို့တော်လုံခြုံရေး တာဝန်ယူတဲ့လူတွေ ဘယ်နေရာကိုကွက်ပြီး လုံခြုံအောင်လုပ်ပေးနေလဲ ဆိုတာ ကိုယ့်ဘာသာကို ပြန်စဉ်းစားကြဖို့လိုတယ်လို့ မြို့ခံတစ်ယောက်ကပြောတယ်။
.
မြို့တော်က ပင်လယ်ရေမျက်နှာပြင်
အမြင့်ငါးထောင်နီးပါးမှာ တည်ရှိတယ်။ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် ကြတယ်။
ရိုးရာအစားအသောက်တွေနဲ့ နိုင်ငံတစ်ဝှမ်းကို ဆွဲဆောင်ထားတဲ့မြို့။ အနီးပတ်လည်က ဘုရားကျောင်းကန်
စေတီ သဘာဝအလှတရားတွေနဲ့ ဒီမြို့တော်က နာမည် ကြီးလွန်းတယ်။ အဲဒါကြောင့် တောင်ကြီးမြို့လို့
ခေါ်ကြတယ်။
.
ဒီမြို့တော်ကို ရောက်ဖူးတဲ့လူတိုင်း
သူတို့အရပ် သူတို့ဒေသ ပြန်ရောက်ရင် စာတစ်စောင် ပေတစ်တန် ဖွဲ့တတ်ကြတယ်။ တောင်ကြီးမြို့တော်မှာ
နေတဲ့လူတွေ အရမ်းအဆင့်မြင့်ကြတယ်။ တစ်ချိန်မှာ ဒီမြို့တော်ကို လာရောက် အခြေချနိုင်ရင်ကောင်းမယ်။
တချို့တွေလည်း အမှန်တကယ် ရောက်လာကြတယ်။ တချို့တွေလည်း သူတို့စိတ်ကူးထဲမှာ တောင်ကြီးမြို့ကို
ရောက်အောင်လာနိုင်ဖို့ အားခဲကြတုန်း။ ရောက်ဖူးသူတိုင်း အားကျ ရအောင်လည်း မြို့တော်တောင်ကြီးက
အမှန်တကယ် ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံခဲ့တယ်။ အကြောင်းအရာ မယ်မယ်ရရမရှိတောင်
တိုင်းရင်းသားတွေရဲ့ စကားသံဝဲဝဲက အရပ်တကာကို ဆွဲဆောင်နိုင်မှု အားကြီးခဲ့တယ်။
.
ဒီလိုဂုဏ်ဒြပ်တွေနဲ့
ပြည့်စုံတဲ့ မြို့တော်က အခုနောက်ပိုင်း အမည်းစက်တချို့ကြောင့် ကျဆင်းမှုတချို့ ဖြစ်လာရတယ်။
အဲဒီအမည်းစက်ကတော့ မြို့တော်တောင်ကြီးမှာ စောရတွေ မြူးကြွလာတဲ့ကိစ္စ။ လုယက်မှုတွေ မကြာခဏ
ဖြစ်လာတဲ့ အခြေအနေ။ ခိုးမှုဆိုတာက ထမင်းစားရေသောက်သလို နေ့စဉ် မကြားချင်အဆုံး သတင်းတစ်ပုဒ်။
အများဆုံး ဖြစ်ပွားနေတဲ့ ခိုးယူမှုက တောင်ကြီးမြို့တော်မှာ နေထိုင်သူတွေရဲ့ မသုံးမဖြစ်
အရေးကြီးပစ္စည်း။ သွားလာရေးအတွက် အဓိကအသုံးပြုနေရတဲ့ မော်တော်ဆိုင်ကယ်။ လူမူကွန်ရက်
ဖွင့်လိုက်တာနဲ့ တောင်ကြီးမြို့ ဘယ်နေရာမှာ ဆိုင်ကယ် ခိုးယူခံရလို့ ဆိုတဲ့သတင်းက နေ့စဉ်လို
မြင်တွေ့လာရတာ စိတ်ပျက်စရာ။
.
အရင် ဆိုင်ကယ်ပျောက်တယ်
ဆိုတာမျိုးက တစ်ခါတစ်လေမှ ဖြစ်တတ်တာမျိုး။ အခုကျတော့ နေ့တိုင်းလိုလိုကို ဖြစ်လာတာပေါ့။
အခိုးခံလိုက်ရပြီ ဆိုရင်လည်း အဲဒီဆိုင်ကယ်တွေက ပြန်မရတာများတယ်။ ဇက်သော့ခတ်ထားလည်း
ပျောက်တာပဲ။ အိမ်ထဲမှာထားလည်း ပျောက်နေတာပဲ။ ဘယ်နေရာဖြစ်ဖြစ် ကိုယ့်ဆိုင်ကယ်ကို စိတ်ချလက်ချ
ထားသွားလို့ မရတော့ဘူး။
.
အခုလို ရှားပါးနေတဲ့အချိန်ခါမျိုးမှာ
ပျောက်သွားပြီဆိုရင် ပြန်ဝယ်ဖို့က သာမန်လူတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မြို့တော်လုံခြုံရေး
တာဝန်ယူတဲ့လူတွေ ဘယ်နေရာကိုကွက်ပြီး လုံခြုံအောင်လုပ်ပေးနေလဲ ဆိုတာ ကိုယ့်ဘာသာကို
ပြန်စဉ်းစားကြဖို့လိုတယ်လို့ မြို့ခံတစ်ယောက်ကပြောတယ်။
.
မော်တော်ဆိုင်ကယ်ဆိုတာ
တောင်ကြီးနဲ့ အနီးပတ်လည်မှာရှိတဲ့ ဒေသတွေအတွက် မရှိမဖြစ်ပစ္စည်းတစ်ခု။ တောင်ပေါ် ဒေသဖြစ်တော့
သွားလာရေးအတွက် ဆိုင်ကယ်ကိုပဲ အဓိက အသုံးပြုကြတယ်။ ရုံးသွားရုံးပြန်၊ ကျောင်းပို့ကျောင်းကြို၊
အလုပ်တက် အလုပ်ဆင်းအတွက် ဒီဆိုင်ကယ်မှမရှိရင် မဖြစ်တဲ့အနေအထားတစ်ခု။ လူတိုင်းကိုယ်စီ
တတ်နိုင်တဲ့ အင်အားနဲ့ ဝယ်ယူပြီး အသုံးပြုနေကြရတဲ့အရာ။
.
အများစုက တစ်ပတ်ရစ်တွေပဲ
ဝယ်ယူအသုံးပြုနိုင်ကြတဲ့ အခြေအနေမျိုး။ ပြန်လမ်းမရှိတဲ့ ခိုးယူခြင်းခံလိုက်ရတာနဲ့
အတော်ကြီး ကသီကုန်ကြပြီ။ သွားရေးလာတာ ခက်ခဲကုန်ကြရတယ်။ နောက်ထပ်ဝယ်ယူဖို့ မတတ်နိုင်ရင်
အားလုံး အဆိုးဘက် ရောက်ကုန်ရောပေါ့။
.
တောင်ကြီးမြို့ပေါ်မှာ
မော်တော်ဆိုင်ကယ် ခိုးယူခံရမှုအပြင် မော်တော်ကားတွေပါ ခိုးယူခံနေကြောင်းလည်း ကြားသိနေရပြန်တယ်။
ကားတစ်စီးလုံး အပျောက်ရိုက်ခိုးယူဖို့ဆိုတာ အတော်ကြီး မလွယ်တဲ့အနေအထား။ ဒါပေမဲ့ မြို့တော်တောင်ကြီးမှာ
ဒီလိုကျော်မကောင်း ကြားမကောင်းတာတွေ နေ့စဉ်ဖြစ်ပွားလာနေရတယ်။ မကြာခဏ ဖြစ်ပွားတဲ့ ခိုးမှုတွေဟာ
နယ်ခံတွေကြောင့် ဖြစ်ပွားတာမဟုတ်ဘဲ အပေါက်မျိုးစုံက ရောက်လာတဲ့ စောရတွေကြောင့်
လို့ သုံးသပ်ပြောကြားမှုတွေလည်း ရှိနေပါတယ်။ အုပ်စုဖွဲ့ပြီး ကျူးလွန်ကြတယ်လို့ ဆိုတယ်။
ခိုးယူသွားတဲ့ ဆိုင်ကယ်တွေကို ပုံစံပြောင်းပေးတာက တစ်ဖွဲ့ရှိတယ်လို့ ပြောကြတယ်။
.
လူတကာအထင်ကြီးတဲ့ ဂုဏ်ဒြပ်နဲ့မြို့တော်က
နေ့စဉ်ခိုးမှုတွေကြောင့် အမည်းစက်စွန်းထင်းလာခဲ့ရပြီ။ စောရတွေမြူး ကြွခွင့်ရလာတဲ့ မြို့တော်တောင်ကြီးလို့
အမည်တပ်ရမလားဆိုတာတော့ . . .။ ။
.