တောင်ကြီးမြို့ရှိ လက်ကိုင်ဖုန်း တစ်ပတ်ရစ် အရောင်းဆိုင် တစ်ခု၌ ယနေ့ ဇူလိုင်လ ၁၅ ရက်၊ ညနေပိုင်းတွင် လက်ကိုင်ဖုန်း လုယက်ခံခဲ့ရကြောင်း သိရသည်။
.
အဆိုပါ လုယက်ခံရသည့် ဖုန်း အရောင်းဆိုင်မှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၈)၊ အနောက်မြို့ပတ်လမ်းပေါ်တွင် ဖွင့်ထားသည့် ဆိုင် ဖြစ်ပြီး အမျိုးသား ၂ ဦးက ဖုန်း ဝယ်ယူရန် ဟန်ဆောင်၍ ဖုန်းကို လုယက် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
" သူတို့က ဆိုင်ကယ်နဲ့ ၂ ယောက် လာတာ။ တစ်ယောက်က ဆိုင်ကယ်ပေါ်က ဆင်းပြီး ဖုန်း ပြခိုင်းတာပေါ့။ နောက်တစ်ယောက်က ဆိုင်ကယ် စက်နှိုးပြီးစောင့်နေတာ။ တန်ဖိုးကြီးတဲ့ ဖုန်းကို ပြခိုင်း၊ ပြီးတော့ လုပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားကြတာ။" ဟု မျက်မြင်တွေ့သူ တစ်ဦးက ပြောသည်။
.
ဖုန်း အရောင်းဆိုင်၌ အမျိုးသမီး တစ်ဦးတည်း ရှိနေချိန်တွင် လာရောက်လုယက်ခြင်း ဖြစ်သည့်အတွက် အရောင်းဆိုင်များ အနေဖြင့် သတိပြုရန် လိုအပ်ကြောင်းကိုလည်း ၎င်းက အကြံပြုသည်။
.
" အခုက ဖုန်းဝယ်မယ် ဆိုပြီး ပြခိုင်းတာပေါ့ တန်ဖိုးကြီးတဲ့ ဖုန်းတွေ သူတို့လက်ထဲ ရောက်ရင် အတော်ကြီး ဂရုစိုက်နေရတယ်။ တကယ်ဝယ်မယ့်လူ ရှိသလို လုပြီး ထွက်ပြေးတာတွေလည်း ရှိတော့ ဆိုင်တွေအနေနဲ့ သတိထားမှ ရတော့မယ်။" ဟု ပြောသည်။
.
တောင်ကြီးမြို့တွင် မော်တော်ယာဉ်မှ အစ၊ ဆိုင်ကယ်အလယ်၊ လက်ကိုင်ဖုန်း အဆုံး ပစ္စည်း လုယက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေသည်မှာ ကြာမြင့်ပြီ ဖြစ်ရာ ယင်းသို့ ဖြစ်ပေါ်ခြင်းမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက လောင်းကစားဝိုင်းများကို ငွေကြေး ရယူကာ ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေလျက် ရှိသည်။