.
စိုင်းခွန်
.
စိုက်ခင်းတွေကို
ဖျက်ဆီးနိုင်တဲ့ အာဏာရှိတဲ့သူတွေ မရောက်ဘူး၊ လက်လှမ်းမမှီဘူးလို့ထင်ရတဲ့
တောစောင်း...
.
အဲဒီတောင်စောင်းမှာ
စိုက်ပျိုးရင် ဖျက်ဆီးခံရမှု နည်းမယ်လို့ ယုံကြည်တာကြောင့်
တောင်သူတွေကအဲလိုနေရာကိုသာ ဘိန်းတွေ အများဆုံး စိုက်ကြပါတယ်။ ဒါပေမယ့်
တစ်ခါတစ်ရံမှာ စစ်တပ်၊ ရဲတွေက တွေ့အောင်ရှာ ဖျက်ဆီးတာလည်းရှိပါတယ်။
.
အဲ့ဒီလို
ဘိန်းခင်းတွေကို ရှာဖွေဖျက်ဆီးတဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံချက်တွေကပဲ
လာဒ်ပေးလာဒ်ယူမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။ ဘိန်းခင်းတွေ ဖျက်ဆီးမခံရဖို့ ဆိုင်ရာ
ပိုင်ရာ အဖွဲ့အစည်းတွေကို ဘိန်းစိုက်ခွန်အဖြစ် နားလည်မှုနဲ့ ငွေကြေးမြောက်များစွာ
ပေးဆောင်ရတယ်လို့ ဘိန်းစိုက်သူတစ်ဦးဖြစ်တဲ့ ခွန်အောင်တင်ကပြောပြပါတယ်။
.
ဘိန်းစျေးရှိရှိ၊
မရှိရှိ ဘိန်းစိုက်တောင်သူတွေ စစ်တပ်၊ ရဲ နဲ့ ပြည်သူ့စစ်တွေကို ပေးရတဲ့
ဘိန်းစိုက်ခွန် က တစ်နှစ်ထက်တစ်နှစ်ပိုများလာပါတယ်။ တစ်ဖွဲ့တစ်ဖွဲ့ကို ရွာကြီးတာ
ငယ်တာ အလိုက် သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ပေးကြရပါတယ်လို့ ဘိန်းစိုက်တောင်သူတွေက
ပြောပါတယ်။
.
ဒါကြောင့်
အခွန်နဲ့ပိပြီး ကိုယ့်အတွက် မကျန်တာမျိုး မဖြစ်ရအောင် အခွန်အဆမတန်ပေးရတာမျိုးကို
ရှောင်လွဲနိုင်ဖို ဘိန်းစိုက်သူတွေက ရွာနဲ့ အလွန် ဝေးကွာတဲ့
လူသူအရောက်နည်းတဲ့နေရာမှာ စိုက်ပျိုးလာကြပါတယ်။ နေအိမ်ကနေ အဲဒီဘိန်းစိုက်ပျိုးတဲ့
နေရာကိုရောက်ဖို့ နာရီနဲ့ချီပြီး တောင်တက်တောင်ဆင်းလမ်းခရီးကို ခြေလျင်သွားရပါတယ်။
.
ဘိန်းစိုက်ပျိုးတာဟာ
တရားမဝင်ဖြစ်တာမို့လို့ ဘိန်းစိုက်သူတွေဟာ အလွန်ချမ်းသာတယ်လို့
ထင်ရင်မှားသွားမှာပါ။ သူတို့မှာ တခြားစိုက်ပျိုးရေးအတွက် အခက်ခဲတွေရှိသလို
စျေးကွက်နဲ့ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေ မရှိတာရယ်ကြောင့်သာ အများစုက
ဘိန်းစိုက်နေရတာပါ။
.
မေလအတွင်းမှာပဲ
ဟိုပုံးမြိုနဲ့ မိုင် ၃၀ အကွာမှာရှိတဲ့ ရွာတစ်ရွာကို ကျွန်တော်ရောက်သွားခဲ့ပါတယ်။
စိုက်ထားတဲ့ဘိန်းခင်းကို ရှာတွေ့ဖို ကျွန်တော်တို့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ
(၅၀၀၀)ကျော်ရှိတဲ့ တောင်ကိုတက်ပြီးရှာဖွေခဲ့ရပါတယ်။
.
တောင်တက်လမ်း
လမ်းတစ်လျှောက် မတ်စောက်တဲ့ နေရာရှိသလို တစ်ချို့နေရာတွေကျတော့
ခပ်ပြေပြေနဲ့တက်ရတာလည်းရှိတယ်။ အချို့နေရာများမှာတော့ ဘိန်းခင်းကို ရှာတွေ့ဖို့
တောင်စောင်းတွေကို တက်လိုက်ရတာ တစ်ဖက်မှာ ချောက်ကမ်းပါးလိုမျိုးလည်း ရှိပါတယ်။
.
အဲဒီဒေသဟာ
အရင်အချိန်တွေတုန်းကတည်းက ဘိန်းအကြီးအကျယ်စိုက်ပျိုးခဲ့ဖူးတဲ့ ဒေသဖြစ်ပြီး
ယခုအချိန်ထိ ဘိန်းစိုက်ပျိုးမှု အမြစ်မပြတ်သေးပါဘူး။
.
ဘိန်းပေါက်စအပင်ရဲ့
အရွက်ဟာ ဆလပ်ရွက်နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ဆလပ်ရွက်ထက်တော့ ရှည်မျော
မာကြောတဲ့အရွက်ဖြစ်ပါတယ်။ ကြီးထွားခါစ ဘိန်းရွက်တွေကို မုန်ညင်းရွက်လိုမျိုး
ရေနွေးဖျောပြီး သုပ်စားလို့ရပါတယ်။ အရသာတော့ ခါးသက်သက် ရှိတယ်လို့
ဒေသခံတွေကပြောပါတယ်။
.
“ခါးတယ်၊
သွေးအားနည်းတဲ့သူစားရင်တော့ ခေါင်းမူးတတ်တယ်” လို့ ခွန်အောင်တင်က ပြောပါတယ်။
.
ဟိုပုံးမြို့နယ်ထဲက
တောင်တန်းပေါ်မှာတည်ရှိတဲ့ အဲဒီဒေသဟာ အရင်အရပ်သားအစိုးရလက်ထက်တုန်းက
ဘိန်းစိုက်ပျိုးမှု အင်မတန်နည်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀နှစ်ကျော်ကျော်
အချိန်နဲ့နှိုင်းယှဉ်ရင် ၁၀ပုံ ၈ ပုံလောက်ကို နည်းလာခဲ့တယ်လို့
ဒေသခံတွေကပြောပါတယ်။
.
ဒါပေမယ့်
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ခြံထွက်ကုန်ပစ္စည်းတွေက စျေးမရတာတွေ၊
ကုန်စျေးနှုန်း နဲ့ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းတွေ အဆမတန် စျေးကြီးလာတာတွေနဲ့
ဘိန်းစျေးနှုန်း ပြန်ကောင်းလာတာရယ်ကြောင့် ယခုနှစ်မှာတော့ ဒေသခံတွေဟာ
ဘိန်းစိုက်ပျိုးမှု ပြန်များလာပါတယ်။
.
တောင်စောင်းကြားတစ်နေရာမှာတော့
ဘိန်းပင်တွေကြားက ပေါင်းပင်နှုတ်နေတဲ့ တောင်သူတစ်ဦးကိုလည်း တွေ့ရပါတယ်။
အဲ့ဒီတောင်သူနဲ့ စကားပြောကြည့်တော့ ဘိန်းစိုက်ပျိုးရတာဟာ
တစ်ခြားရွေးချယ်စရာမရှိတော့လို့ စိုက်ပျိုးရတာလို့ သူကပြောပါတယ်။ စိုက်ပျိုးရေး
ထွက်ကုန်တွေကို သယ်ယူဖို့ ကုန်ထုတ်လမ်းတွေမရှိတာ၊
စိုက်ပျိုးရေးသွင်းအားစုပစ္စည်းတွေ စျေးကြီးတာ၊ ထွက်ရှိလာတဲ့
စိုက်ပျိုးရေးထုတ်ကုန်တွေအတွက် စျေးကွက်အာမခံချက်မရှိတာတွေက အခု စျေးပြန်တက်လာတဲ့
ဘိန်းကို ပြန်စိုက်ဖို့ တွန်းအားပေးခဲ့တာလို့ တောင်သူတွေရဲ့ ပြောဆိုချက်အရ
သိရပါတယ်။
.
“စစ်တပ်ကာအာဏာသိမ်းပြီးနောက်
ဘိန်းစျေးတွေကလည်း အရင် နှစ်သိန်းလောက်ကနေ အခု ၇ သိန်းထိရလာကြတော့
ဘိန်းစိုက်တဲ့လူတွေ ပြန်များလာတယ်။ ရွာမှာကလည်း အစစအရာရာ ခက်ခဲလာတော့
ထိုင်းသွားမလား ဘိန်းစိုက်မလားလို့ဖြစ်လာနေပြီ” လို့ တွေ့ဆုံမေးမြန်းခဲ့တဲ့
ဒေသခံတစ်ဦးက ပြောပါတယ်။
.
ဘိန်းအစားထိုးသီးနှံတွေ
မစိုက်ကြဘူးလားလို မေးကြည့်တော့ "ဒီတော ဒီတောင်ကြားထဲမှာ
လမ်းပန်းဆက်သွယ်ရေးမကောင်းပဲနဲ့ ဘာစိုက်လို့ရမှာလည်း။ ပြောင်းဖူးစိုက်ရအောင်လည်း
တောင်ပေါ်ကနေ ရွာကိုသယ်လို့ အဆင်မပြေဘူးလေ"လို့ ခွန်အောင်တင်က ပြောပြပါတယ်။
.
အဲဒီတောင်သူပြောပြချက်အရ
ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီမျိုးစေ့ကို အဖွဲအစည်းတစ်ခုက
လာရောက်ပံ့ပိုးကူညီပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ကော်ဖီဟာ
နှစ်ရှည်အပင်ဖြစ်တဲ့အတွက် ကော်ဖီမသီးခင် တောင်သူတွေစာ၀တ်နေရေး အဆင်ပြေစေဖို့
ပံ့ပိုးကူညီဖို့ လိုပါတယ်။ အဲဒီလို အကူအညီ မရှိတဲ့အတွက် ဘိန်းစိုက်ပျိုးမှုကိုသာ
အားထားရတာဖြစ်ပါတယ်။ အဲ့ဒီဒေသရဲ့ မြေအနေအထားနဲ့ အေးလွန်းတဲ့ ရာသီဥတုကြောင့်လည်း
အခြား အစားထိုးသီးနှံတွေ စိုက်ပျိုးမှုက မဖြစ်ထွန်းကြဘူးလို့လည်း
ဒေသခံတွေကပြောဆိုကြပါတယ်။
.
အဲဒီရွာမှာ
ကော်ဖီစိုက်ပျိုးမှုကို ဘိန်းအစားထိုးသီးနှံအဖြစ် လုပ်ကိုင်တာ လေးနှစ်ရှိပါပြီ။
ဒီနှစ်မှာ ကော်ဖီတွေစတင်သီးလာပြီး ရောင်းချမှုရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်မှု မရှိတဲ့အတွက် သယ်ယူပိုဆောင်ဖို့ မလွယ်ကူသလို ရွာမှာရောင်းချရင်လည်း
တစ်ကီလိုကို ၅၀၀ ကျပ်သာ ရရှိပါတယ်။
.
အရင်နှစ်တွေတုန်းက
ဘိန်းစိမ်းတစ်ပိဿာကို တစ်သိန်းခွဲ နှစ်သိန်းသာ ရရှိတဲ့အတွက် ဘိန်းစိုက်ပျိုးမှု
အနည်းငယ် လျော့ကျခဲ့ပေမယ့် အခုနှစ်မှာ ဘိန်းစိမ်းတစ်ပိဿာကို ၅သိန်းကနေ ၇သိန်းအထိ
ပြန်ရလာတော့ ဘိန်းပြန်လည်စိုက်ပျိုးလာတဲ့ ရွာတွေလည်း ရှိပါတယ်။
.
အကြမ်းဖျဉ်းအားဖြင့်
ဘိန်းစိုက်ပျိုးမှု တစ်ဧကကို ဘိန်းစိမ်း (၂) ပိဿာ၀န်းကျင်ထွက်ရှိပါတယ်။
အဲဒီတစ်ဧကအတွက်ရင်းရတဲ့ သွင်းအားစု ဓာတ်မြေသြဇာ၊ လူငှားရမ်းခတွေ ပြန်နှုတ်ရင်
တစ်ပိဿာကို ငါးသိန်းနဲ့ ရောင်းရမှ ခြံရှင်အတွက် နှစ်သိန်း၀န်းကျင် ကျန်ရှိတာပါ။
ဘိန်းစိုက်ပျိုးရာမှာ တစ်ဧကကို အရင်းအနှီး ၇သိန်းပတ်ချာလည် ကုန်ပါတယ်။
.
"အခုတော့
ကော်ဖီစိုက်လာတာရှိတယ် ။ စျေးတော့ သိပ်မရဘူး ။ ကော်ဖီအခြောက်ခံပြီးသားကို တစ်ကီလို
၅၀၀ ကျပ်ပဲရတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းရင်တော့ တစ်ခြားစိုက်ပျိုးရေး
ပြောင်းစိုက်မယ် "လို့ ဘိန်းပင်ကြားမှာ ပေါင်းပင်ရှင်းနေတဲ့
တောင်သူတစ်ဦးကပြောပါတယ်။
.
အခု ကျွန်တော်တို့
ဘိန်းခင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ နေရာ ဟာ ရှမ်းပြည်နယ်အတွင်း
နိုင်ငံခြားခရီးသွားတွေ အများဆုံး၀င်ရောက် တဲ့အင်းလေးကန်နဲ့ မိုင်(၄၀)
အကွာအဝေးသာရှိတာပါ။ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တဲ့
အာဖဂန်နစ္စတန် အောက်မှာ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုအများဆုံး ဒုတိယနေရာမှာ
ရှိနေပါတယ်။
.
"ဘိန်းက
ငါတိုနိုင်ငံအတွက် မကောင်းဘူးဆိုတာ သိတယ် ။ ဒါပေမယ့် ရွေးချယ်စရာမရှိဘူး။
ထမင်းမငတ်ဖို့ စိုက်ရတာလေ" လို့ ခွန်အောင်တင်က ပြောပါတယ်။
.
သူ့စကားအရ
တောင်သူတွေဟာ ဘိန်းကိုစိုက်ချင်လို့ စိုက်တာမဟုတ်ဘူးဆိုတာ ကောက်ချက်ချနိုင်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိတော့ ယခင်
အရပ်သားအစိုးလက်ထက်ကလို ဘိန်းခင်းတွေကို အများအပြား ရှာဖွေဖျက်ဆီးတာတွေ
သိပ်မတွေ့ရဘူးလို့လည်း တောင်သူတွေက ဆိုပါတယ်။
.
အဲ့ဒီလို
မဖျက်ဘူးဆိုတာက တိုင်းပြည်က မတည်ငြိမ်တာကြောင့်လည်းဖြစ်မယ်လို့ တောင်သူတွေက
ခန့်မှန်းပြောဆိုကြပါတယ်။ ယခင်နှစ်တွေတုန်းက ဘိန်းစိုက်ခွန်ဆောင်ပြီး
စိုက်ပျိုးတာတောင်မှ ရဲတွေ နဲ့ စစ်တပ်တွေက ဦးဆောင်ပြီး တစ်မြို့နယ်ကို ဘိန်းခင်း
ဧက ထောင်နဲ့ချီဖျက်ဆီးခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့ အဲ့လိုအများအပြားဖျက်ဆီးတာ
မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
.
ကုလသမဂ္ဂ
မူးယစ်ဆေးဝါးနဲ့ ရာ၀တ်မှုခင်းများဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်
ဘိန်းစိုက်ပျိုးရာသီမှာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမှု ပမာဏဟာ ဟက်တာ ၃၀၂၀၀
(ဧကပေါင်း ၇၄၆၂၄) ထိရှိတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့
ဘိန်းစိုက်ပျိုးမှုက ဟက်တာ သုံးသောင်းအောက်သာရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ ဟက်တာ
သုံးသောင်းကို ပြန်ကျော်လာခဲ့ပါတယ်။
.
လက်ရှိ
နိုင်ငံရေးမတည်ငြိမ်မှု အပါအဝင် ကြုံတွေ့နေရတဲ့ နိုင်ငံ့အကျပ်အတည်းကြောင့် ယခု ၂၀၂၂
ခုနှစ်မှာတော့ ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း လေးသောင်းထိရောက်ရှိနိုင်တယ်လို့
ခန့်မှန်းကြပါတယ်။
.
ယခုနှစ်မှာ
အခြေခံစားသောက်ကုန် မြင့်တက်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစု အဆမတန်
စျေးမြင့်တက်ခြင်း ၊ နိုင်ငံရေးမတည်ငြိမ်ခြင်းတို့ကြောင့် ဒေသအများအပြားမှာ
ဘိန်းပြန်စိုက်တဲ့ရွာတွေရှိသလို အိမ်နီးချင်းထိုင်းနိုင်ငံကို
သွားရောက်အလုပ်လုပ်ကိုင်သူတွေလည်း အဆမတန်ပိုများလာပါတယ်။
.
အစိုးရအဆက်ဆက်က
ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးဆိုပြီးတော့ နာမည်အမျိုးမျိုး
စီမံချက်အမျိုးမျိုးနဲ့ ကြွေးကြော်ခဲ့ကြပေမယ့် လက်ရှိအချိန်ထိ ဘယ်အစိုးရကမှ ကြွေးကြော်တဲ့အတိုင်း
မလုပ်နိုင်ခဲ့ကြပါဘူး။
.
“သူတို့က
ဘိန်းဖျက်မယ်၊ ဖျက်မယ်ပဲပြောကြပေမယ့် ဖျက်ပြီး ဘာလုပ်စား ညာလုပ်စားဆိုပြီး
ဘာမှမလုပ်ပေးနိုင်တော့ ဒီစိုက်ပျိုးမှုက အဆုံးမသတ်နိုင်တော့ဘူး” လို့
ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းထဲက ကျေးရွာတစ်ရွာရှိ ဘိန်းစိုက်သူတစ်ဦးဖြစ်တဲ့
ခွန်စိုးသိန်းကပြောပါတယ်။
.
အဲ့ဒီခွန်စိုးသိန်းနေထိုင်တဲ့
ကျေးရွာဟာ အိမ်ခြေ ၂၀၀ နီးပါးရှိပါတယ်။ ဒါပေမယ့် ကျေးရွာထဲမှာတော့ လူငယ်တွေ
အထူးသဖြင့် အပျိုလူပျိုတွေဟာ ၁၀ဦး တောင်မပြည့်တော့ပါဘူး။ အဲ့ဒီ
လူငယ်တွေအကုန်လုံးဟာ ထိုင်းနိုင်ငံကို တရားမဝင် ရွေ့ပြောင်းလုပ်သားတွေအဖြစ်
ရောက်ကုန်ကြတာလို့ သူကဆိုပါတယ်။
.
“စားဝတ်နေရေး၊
လူမှုရေး၊ အစစအရာရာလုံခြုံဖို့အတွက် အစားထိုးသီးနှံတွေနဲ့ လုံလောက်တဲ့
အောင်မြင်မှုမရှိတော့ ထိုင်းကို ရောက်ကုန်ကြပြီ။ ကြုံနေရတဲ့
အကြပ်အတည်းပေါင်းစုံကနေ လွတ်ဖို့ အိမ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ထိုင်းကိုသွားကြရတာပေါ့”လို့
သူကပြောပါတယ်။
.
ဘိန်းတွေဟာ
ကောင်းမွန်တဲ့အရာမဟုတ်ပေမယ့် တောင်တန်းပေါ်က သူတို့အတွက် ရွေးချယ်စရာက
နည်းပါးခက်ခဲလှတာမို့ ဘိန်းစျေးအနည်းငယ် ပြန်ရှိလာချိန်မှာ
ဘိန်းပြန်စိုက်ကြသူတွေလည်း များလာတာဖြစ်ပါတယ်။ ဒီဘိန်းပင်တွေဟာ အရောင်အပွင့်တွေ လှပပေမယ့်
အဆိပ်ပန်းမှန်းလည်း စိုက်ပျိုးသူတွေက သိကြပါတယ်။ ဒီလိုတွေ သိနေကြပေမယ့်
တောင်သူတွေအနေနဲ့ ဒီသံသရာထဲကနေ ရုန်းထွန်နိုင်ဖို့ ခက်ခဲဦးမှာလည်း
အမှန်ပဲဖြစ်ပါတယ်။
.
နိုင်ငံရေး
အပြောင်းအလဲနဲ့အတူ အထွေထွေ အကြပ်အတည်းကို ကျော်ဖြတ်ဖို့ ဘိန်းစိုက်တာကလည်း
မျှော်လင့်ချက် တစ်ခုဖြစ်နေတယ်လို့ ပြောတဲ့တောင်သူတွေလည်းရှိနေပါတယ်။
.
“ဘိန်းစိုက်တာကလည်း
ထိုင်းမသွားရအောင် ရေနစ်ခါနီး နောက်ဆုံးဆွဲလိုက်တဲ့ ကောင်ရိုးတစ်မျှင်ပဲဗျာ” လို့
ခွန်စိုးသိန်းက ပြောပါတယ်။
.