တောင်ကြီးမြို့ပေါ် အိမ်ခြံမြေ ဈေးကွက်က ပျက်နေတာ တော်တော်ကြာပြီတဲ့။ ရောင်းချင်တဲ့ လူတွေ များပြီး ဝယ်လက်က မရှိသလောက်ပေါ့။ အခုကျ တော့ မြို့ပေါ်တင် မဟုတ်တော့ဘူး။ မြို့တောင်ဘက်က အနီးပတ်လည်မှာ ရှိတဲ့ ကျေးရွာတွေက မြေကွက်တွေလည်း ပိုင်ရှင်တွေရော၊ တစ်ဆင့်ဝယ်ထားတဲ့ လူတွေရော ပြန် ရောင်းချင်နေကြတာ ။ဒါပေမယ့် ဝယ်မယ့် လူက မရှိဘူး။ သတိထားမိသလောက်ဆို အရောင်းအဝယ် မဖြစ်တော့တာ ၃/၄ နှစ်လောက် ရှိ သွားလောက်ပြီ။ တစ်လနေလို့ မြေ တစ်ကွက်အရောင်းအဝယ် ဖြစ်သွားတယ်ဆိုတာ မကြားမိဘူး။တချို့တွေဆို ဧက အတွဲလိုက်ကြီးတွေ ဝယ်ပြီး ပိုက်ဘော မိသလို ဖြစ်နေကြတာလို့ အိမ်ခြံမြေ လုပ်ငန်းနဲ့နီးစပ်သူ တစ်ယောက်က ပြောတယ်။
.
လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်လည်လောက်တုန်းက
တောင်ကြီးမြို့ပေါ်နဲ့ အနီးပတ်လည် ကျေးရွာတွေမှာ မြေဈေးကွက် အတော်ကြီး ဖြစ်ထွန်းခဲ့တယ်။
အလုပ်အကိုင် မရှိရင် မြေပွဲစားလုပ် စားဖို့ သောက်ဖို့တော့ ပူစရာမလိုဘူးဆိုတဲ့ အထိကို
ခရီးရောက်ခဲ့ကြတယ်။ နေရာဒေသအလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေဆိုတာ မြေပွဲစားတွေရဲ့
ခြေရာချင်း ထပ်တဲ့အထိ။ ကျန်တဲ့ကိစ္စရပ်တွေထက် မြေကွက်စာချုပ်တွေနဲ့ မပြီးနိုင် မစီးနိုင်
ဖြစ်ကြတယ်။ နောက်ပိုင်း မြေကွက် အရောင်းအဝယ် ဈေးကွက်ပျက်သွားတာ အပ်ချည်ကြိုးကို ဓားမနဲ့
ဖြတ်လိုက်သလို ဖြစ်တယ် ပြောရမလား။ မစားရ ဝခမန်း ပြောရောင်းတဲ့ မြေပွဲစား တချို့ကတော့
တိုက်ဆောက်ကားစီးအဆင့် ရောက်ကုန်တာပေါ့။
.
မြေပွဲစားတွေရဲ့လက်သုံးစကားက ဒီနေရာ
ဒီဒေသတွေဟာ အချိန်ကာလတစ်ခုအတွင်း စည်ကားလာတော့မယ်။ ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်။
အစာကျွေးစရာမလိုတဲ့ ရင်းနှီးမြှတ်နှံမှုဖြစ်လို့ လက်ထဲ ရှိသလောက်သာ ဝယ်ထား မမှားဘူးလို့
ဆိုကြတယ်။ အဲလိုပုံစံမျိုး ပွဲစားတွေ ပြောလာခဲ့တာလည်း အခုဆို ဆယ်စုနှစ် တစ်ခု ကျော်လွန်လာပါပြီ။
မြေကွက်မြေယာ ဝယ်ထားတာအစာ ကျွေးစရာ မလိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်အဆင့်မှ
မလုပ်ရင် ဘယ်နေရာ ဘယ်ဒေသမှ ပါးစပ်ပြောသလောက် ဖွံ့ဖြိုးတိုးတက်လာဖို့မလွယ်ကူပါဘူး။ နိုင်ငံတော်အဆင့်
လုပ်တာတောင်သုသာန်တစ်စပြင်လို ဖြစ်နေတဲ့ နေရာတွေ မြန်မာနိုင်ငံတွင်းမှာ အများကြီး ရှိနေပါတယ်။
.
လူနေအိမ်ခြေ များလာတာနဲ့ ဒေသတစ်ခု
ဖွံ့ဖြိုးတိုးတက်တယ်လို့ မဆိုနိုင်ပါဘူး။ မြို့ပြကျေးလက်ကွာဟချက် မရှိမှသာ ဖွံ့ဖြိုးတယ်လို့
ဆိုနိုင်မှာပါ။အခု လက်ရှိအနေအထားက မြို့ပြကြီးလို့ ဆိုတဲ့တောင်ကြီးမြို့မှာတောင် နိုင်ငံတကာ
အဆင့်နဲ့တူတယ်လို့ ပြောလို့ရနိုင်တဲ့ အဆင့်မြင့်လမ်းမကြီးတောင် တစ်ခုတည်း လက်ညှိုးထိုး
ပြစရာ ရှိပါတယ်။ ဒါတောင် အရင်အစိုးရလက်ထက်က ခင်းသွားခဲ့တဲ့လမ်း။ အခု အခြေအနေမျိုးနဲ့ကတော့
ဒီလိုလမ်းမျိုးခင်းနိုင်ဖို့ အိပ်မက်တောင် မက်နိုင်မှာ မဟုတ်ပေါ့။ ဖွံ့ ဖြိုးတိုးတက်တဲ့
နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ မြို့ပြကျေးလက် ကွာဟမှုဆိုတာ မရှိသလောက်ပါ။ လျှပ်စစ်မီး
ရတာချင်း တူညီတယ်။ ဥပဒေရဲ့အကာအကွယ် သာတူညီမျှ ရနိုင်တယ်။ ရွှေမြန်ပြည်ကတော့ ပုံပြင်တစ်ခုမျှသာ။
.
မြေ ဈေးကွက် ပျက်ရတဲ့ အကြောင်းရင်းတွေထဲမှာဒေသဆိုင်ရာ
မူဝါဒတွေနဲ့လည်း သက်ဆိုင်ပါတယ်။အရင်က အရောင်းအဝယ် အနည်းအကျဉ်း ဖြစ်တယ်ဆိုတဲ့ ကျေးလက်ဒေသတွေမှာ
အခုနောက်ပိုင်း မူဝါဒအပြောင်းအလဲကြောင့် ဝယ်သူတွေ လက်တွန့်ခဲ့တာမျိုး ရှိလာပါတယ်။ အကြောင်းပြချက်
မျိုး းစုံနဲ့ငွေကြေး ကောက်ခံတဲ့ ကိစ္စ၊ ဘယ်အချိန် ကိုယ့်အိမ်ပေါ် အကြောင်းပြချက်မျိုးစုံနဲ့
ရောက်လာနိုင်မလဲ အစရှိတဲ့ ပူပန်မှုတွေကြောင့် မြေယာဈေးကွက်က ပို ပြီး အေးစက်လာပါတယ်။
နိုင်ငံရပ်ခြား တိုင်းတစ်ပါးနဲ့ စစ်မက်ဖြစ်ပွားခြင်း မရှိတဲ့ တိုင်းပြည်တစ်ခုမှာကာကွယ်ရေးအတွက်
ဆိုတဲ့ ခေါင်းစဉ်နဲ့ တပ်ပိုင်မြေ ဖြစ်သွားတာက ရုပ်ပျက်တယ်လို့ ဆိုနိုင်ပါတယ်။
.
" မြေဈေးကွက်က ပျက်နေတာတော့
မှန်တယ်။ အဓိက အကြောင်းရင်းက မှန်မှန် မလုပ်တဲ့ ပွဲစားလိမ်တွေကြောင့်ပေါ့။ မြေတစ်ကွက်ကို
ပွဲစား ၄/၅ ယောက်က ဝယ်သူမျိုးစုံဆီမှာ လက်ညှိုး ထိုးပြီးရောင်းကြတယ်။ မူလပိုင်ရှင်က
သူ့မြေကွက်ကို ပွဲစားတွေ လိမ်ရောင်းမှန်း မသိဘူး။ မူလပိုင်ရှင် ကိုယ်တိုင် ခြံရှင်းတာ
ခြံလာခတ်တာ လုပ်တော့မှ ဒီမြေတစ်ကွက်က ပိုင်ရှင်မျိုးစုံ ဖြစ်နေတာမျိုး ကြုံရတာပေါ့။
စာချုပ် ချုပ်ပေးတဲ့ လူတွေကလည်းမြေကွက် လိုက်ကြည့်ပြီး ချုပ်ပေးတာ မဟုတ်ဘဲပွဲစားခေါ်လာတဲ့
ဝယ်လက်မှန်သမျှကို ထိုးပေးနေတာလေ။ သူတို့တွေကြောင့် ဈေးကွက်က ပိုပျက်သလိုဖြစ်သွားတာ"
လို့ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်က ပြောတယ်။
.
မြေစာရင်းက ထုတ်ပေးတဲ့ အမျိုးမျိုးသော
အထောက်အထားတွေဟာလည်း ဆိုင်ရာ ပွဲစားက ငွေပေးလို့ ဖြစ်လာတဲ့ အရာတွေမို့ အမှန် ဟုတ်/မဟုတ်
အသာထား၊ တရားရုံး ရောက်မှ ရှင်း ဆိုသလို ဖြစ်နေတာကလည်း မြေဈေးကွက် ပျက်ရခြင်း အကြောင်း
ဖြစ်တယ်လို့လည်း ဆိုကြပြန်ပါတယ်။
.
ကျန်ခဲ့တဲ့ နှစ်အပိုင်းအခြား တစ်ခုအထိ တောင်ကြီးမြို့ပေါ်နဲ့ အနီးပတ်လည် (တောင်ဘက်)က ကျေးရွာတွေမှာ အိမ်ခြံမြေကွက် အရောင်းအဝယ် အနည်းငယ် ဖြစ်ထွန်းခဲ့တယ်လို့ ဆိုကြတယ်။ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်းမှာတော့ ဈေးကွက်က လုံးဝ ပျက်စီးသလောက် ဖြစ်သွားခဲ့တယ်။ ဒေသဆိုင်ရာမှုဝါဒ တချို့ကြောင့်လည်း ဈေးကွက်ပျက်စီးသွားတယ်လို့ သုံးသပ်ပြောဆိုမှု တွေရှိလာတယ်။ လူမှုကွန်ရက် စာမျက်နှာပေါ်ကြည့်ရင် တောင်ကြီးမြို့ အနီးပတ်လည်ကမြေကွက် အရောင်းပို့စ်တွေ နေ့စဉ် တွေ့ရတယ်။ဝယ်ယူသူ မဲ့တဲ့ အရောင်းပို့စ်တွေကြောင့် လူမှုကွန်ရက် စာမျက်နှာ လေးသလို ဖြစ်နေလားတော့ မပြောတတ်။ ဒီခရီး ကြမ်းနေသမျှ ဒီဈေးကွက်လည်းပျက်နေဦးမယ်လို့ ထင်မြင်မိပါကြောင်းနဲ့ ပိုက်ဘောမိနေတဲ့ မြေကွက်ပိုင်ရှင် အရိုးခံ ပြည်သူများအတွက် ကံကောင်းစေဖို့ရာ . . . ။ ။