မနက် ငါးနာရီဆိုရင် အိပ်ရာ ထ။ အိမ် ဝေယျာဝစ္စ ပြီးတာနဲ့ ခြောက်နာရီ ဈေးထဲ အရောက်သွား။ ဈေးဆိုင်ခင်းပြီးတာနဲ့ မနက် ခုနှစ်နာရီ ပတ်လည်။ ၀ယ်သူ လာရင် ဈေးရောင်း၊ မလာရင် ဘုရားစာ ရွတ်ဖတ်ရင်း ဆိုင်ထဲမှာ ရှိတဲ့အလုပ်လေး ဆက်လုပ်။ နေ့စဉ်စားဝတ်နေရေးအတွက် လုံးပန်းရင်း အချိန်တွေ ကုန်လို့ ကုန်မှန်း မသိပေါ့။ ဈေးရောင်းရင်း ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ ဒီအလုပ် တစ်ခုပဲ လုပ်တတ်တော့ ကျန်တဲ့ အလုပ်က ဘယ်လို လုပ်ကိုင် စားသောက်ရမယ်ဆိုတာ မသိတဲ့အနေအထား။ ဈေးသည်ဆိုတဲ့ လောကကြီး ဖြတ်သန်းရင်း မထင်မှတ်တဲ့ ရိုက်ပုတ်မှုက ဘဝ တစ်ခုလုံးကို အတော်ကြီး ဂယက် ထားသွားခဲ့တယ်။
.
အိမ်ထောင် ကျပြီး အလုပ် လုပ်မယ်ဆိုတော့
အတော်ကြီး စဉ်းစားခဲ့တယ်။ အသက်အရွယ်အရ တစ်ခြားနေရာတွေမှာ အလုပ် လုပ်ဖို့ အဆင်က မပြေတော့ဈေးရောင်းဖို့
စဉ်းစားတာပေါ့။ ဈေးရောင်းမယ်ဆိုတော့လည်း ကိုယ်တွေ ရောင်းမယ့် ကုန်ပစ္စည်းက ဈေးထဲမှာ
ရောင်းမှ အဆင်ပြေတာ။ အိမ်ဆိုင်ကုန်စုံ ဆိုင် ဆိုတာမျိုးနဲ့ ရောင်းလို့မရတဲ့ ကုန်တွေပေါ့။
အဲဒါနဲ့ ဈေးထဲမှာ ရောင်းမယ်ဆိုတော့ အငှားရဖို့ မလွယ်တာနဲ့ ရှိတဲ့ပစ္စည်းတွေ ရောင်းပြီး
ဆိုင်ခန်း တစ်ခန်းကို သိန်း ၇ဝ လောက်နဲ့ ဝယ်လိုက်တယ်။ အခု တပ်ပိုင်မြေဆိုတဲ့ ခေါင်းစဉ်နဲ့
ဈေးကြီးကို လုံးဝ ပိတ်ပြီး ဈေးသည်တွေ ဈေး ရောင်းချခွင့် မရှိတော့ဘူးဆိုတော့ တော်တော်ကို
ဒုက္ခ ရောက်သွားတယ်တဲ့။
.
မြို့တော်တောင်ကြီးက ရဲဘော်ဈေးထဲမှာ
ရှိတဲ့ ဆိုင်ခန်း တစ်ခန်းကို လွန်ခဲ့တဲ့ငါးနှစ်လောက်က ဝယ်ယူပြီး ဈေးရောင်းတဲ့ဈေးသည်ရဲ့
ညည်းတွားသံပါ။
.
ပြည်သူ့အစိုးရ လက်ထက်တုန်းက ဆိုင်ခန်းတွေ
ပိတ်သိမ်းဖို့ အကြောင်း ပေါ်လာပေမယ့် အသနားခံစာ တင်ရင်း ဈေး ဆက်ရောင်းခွင့်ရခဲ့သေးတယ်လို့
ဆိုတယ်။ ကိုဗစ်ရောဂါ ဖြစ်ပွားတုန်း ခဏတာ ပိတ်လိုက်ရပေမယ့် စည်းကမ်းချက်တွေနဲ့ အညီ ပြန်လည်ရောင်းချခွင့်
ရခဲ့သေးတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဈေးသည်တွေရဲ့ အခြေအနေက အဆိုးဘက်
ရောက်လာတယ်။ မကြာခဏ ပိတ်သိမ်းဖို့ စာထုတ်ရင်း အခုဆို ဈေးတံခါးကို သော့ခတ်ထားလိုက်တာ
ရှစ်လအတွင်းရောက်လာပြီလို့ ဆိုတယ်။
.
အကူအညီ တောင်းစရာ လူထုကိုယ်စားလှယ် (လွှတ်တော် ကိုယ်စားလှယ်) လည်း မရှိ၊ ရင်ဖွင့်စရာ မီဒီယာလည်း မရှိ။ အားကိုးစရာ အစိုးရလည်း မရှိ။ တိုင်စရာ တရားရုံးလည်း နတ္ထိ။ ဆန္ဒလည်း ထုတ်ဖော်လို့ မရတဲ့ အခြေအနေနဲ့ အရာအားလုံးကို ခေါင်းငုံ့ ခံနေကြရတာ။
.
ရဲဘော်ဈေး အတွင်းမှာ ပျံကျ အပါအဝင်
ဆိုင်ခန်းနဲ့ဈေးသည် စုစုပေါင်း ၁၀၀ လောက် ရှိတယ်လို့ ဆိုတယ်။ ဈေးသည် တချို့ဆိုရင် ဒီရဲဘော်ဈေး
စဖွင့်တည်းက ရောင်းချလာတဲ့ ဈေးသည်တွေပါ။ နှစ်ပေါင်း များစွာ ဒီဈေးထဲမှာ ရောင်းချလာတာ
ဖြစ်တဲ့အတွက် တစ်ခြားနေရာ တစ်ခုကို ပြောင်းရွေ့ဖို့ ဘယ်လိုမှ အဆင်မပြေကြပါဘူး။ လက်ရှိခေတ်ကာလ
ဆိုင်ခန်းငှားရမ်းခ ပေါက်ဈေးနဲ့လည်း သူတို့တွေ လည်ပတ်နိုင်ခြင်း မရှိကြပါဘူး။ ဈေးပိတ်ထားလိုက်တဲ့
အတွက် ဈေးသည်အများစု မိသားစုစားဝတ်ရေး အတော်ကြီး ဒုက္ခ ရောက်သွားကြတဲ့အခြေအနေမျိုးပါ။
ဝယ်ယူထားတဲ့ ဆိုင်ခန်းကိုလမ်းကြုံတိုင်း ပြန်ကြည့်ပြီး လမ်းပျောက်နေကြရတာမျိုး။
.
"ကျွန်တော် ဒီဈေးထဲမှာ ရောင်းလာတာ
ဈေး စဖွင့်တည်းကလို့ ပြောလို့ရတယ်။ ရုတ်တရက်ကြီး ဈေးပိတ်လိုက်တော့ ဘာလုပ်လို့ လုပ်ရမှန်း
မသိတော့ဘူး။ အပြင်မှာ ဆိုင်ခန်းငှားပြီး ဈေးရောင်းဖို့ ဆိုတာလည်း မလွယ်ဘူးလေ။ တောင်ကြီးမြို့က
လမ်းမဘေး ဆိုင်ခန်းခတွေက ဈေးကြီးတော့ မတတ်နိုင် ဘူး။ နောက် ဈေးထဲမှာ ကိုယ့်ဆိုင်ခန်းနဲ့
ကိုယ်ရောင်းနေကြဆိုတော့ အပြင်ထွက်ပြီးလည်း မလုပ်နိုင်တော့ဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ့်နေရာလေးမှာပဲ
ပြန် ရောင်းချင်တာပေါ့။ အခုလို ခက်ခဲ ကျပ်တည်းနေတဲ့ကာလကြီးမှာ တစ်ခြားအလုပ် လုပ်ဖို့လည်း
အဆင်မပြေဘူးလေ။ ဒီပုံစံအတိုင်း ဆက်သွားရင် စားဝတ်နေရေးအတွက် အတော်ကြီး ခက်ခဲလာလိမ့်မယ်"
လို့ ဈေးသည် တစ်ယောက်က ပြောပါတယ်။
.
၂၁၂ ဈေးလို့ ခေါ်တဲ့ ရဲဘော်ဈေး ပိတ်ထားလိုက်တဲ့အတွက် ဈေးအတွင်း ရောင်းချခဲ့တဲ့ ဈေးသည်တွေအတော်ကြီး အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့ကြတယ်။ ငွေကြေး အနည်းငယ် တတ်နိုင်တဲ့ လူတွေ အနေနဲ့ တစ်ခြားနေရာ တစ်ခုမှာ အစားထိုး လုပ်ကိုင်နိုင်ပေမယ့် အများစုကတော့ အလုပ်လက်မဲ့ ဖြစ်သွားကြတဲ့အနေအထား။ တချို့တွေလည်း ပိတ်သိမ်းထားတဲ့ဈေးရှေ့က လမ်းမဘေးမှာ ဖြစ်သလို ခင်းကျင်းပြီးရောင်းချနေကြရတယ်လို့ ဆိုတယ်။ ကိုယ်ပိုင်စျေးဆိုင်ခန်းကို ထားပြီး မီးပုံးပျံကွင်းပျံကျမှာ သွားရောင်းတဲ့ ဈေးသည်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
.
ကိုဗစ် ကာလက စပြီး ဒုက္ခမျိုးစုံ ရောက်လာတဲ့ဈေးသည်တွေအတွက် စစ်အာဏာရှင် လက်ထက်မှာ ဈေးပိတ်သိမ်းခံလိုက်ရတာ မြွေပူရာ ကင်းမှောက်ဆိုသလိုပါ။
ရဲဘော်ဈေးဟာ (၂၁၂) ဆက်သွယ်ရေး တပ်နယ်မြေ၊ ဆက်သွယ်ရေး အလုပ်ရုံ(၃) ထဲ မှာရှိတယ်လို့ သိရပါတယ်။ ဈေးသည် အားလုံး ၁ဝဝ နီးပါး မှီခိုအားထားနေရတဲ့ဈေး တစ်ခုလည်း ဖြစ်ပါတယ်။လက်ရှိ အချိန်မှာတော့ ဈေးသည်တွေ ဈေးထဲမှာရောင်းချခွင့် မရတာ ရှစ်လလောက် ရှိလာခဲ့ပါပြီ။နေရာတစ်ခုမှာ အစားထိုး ရောင်းချနေတဲ့ ဈေးသည်တွေ ရှိသလို ဈေး လုံးဝ မရောင်းနိုင်အောင်အခြေ ပျက်သွားသူတွေလည်း ရှိနေပါတယ်။ ဈေးရောင်းချခြင်း အလုပ်နဲ့ မိသားစု စားဝတ်နေရေး ဖြေရှင်း နေရတဲ့ ဈေးသည်အတွက် ဒီဈေးတံခါး ဖွင့်ချိန်ကိုမျှော်လင့်နေကြတယ်။
.
လတ်တလောမှာတော့ အာဏာရှင် တံခါးသော့ ပိုင်ရှင်တွေကတော့ ဖွင့်ပေးမယ့်ပုံ မရှိ။ စစ်အာဏာရှင်လည်း အသက်ရှင်နေဆဲ။ မတရားမှုတွေလည်း ရှိနေဆဲ။ မကောင်းမှုတွေလည်း ရှိနေမြဲ။ ဈေးသည် မိသားစုဝင်တွေကတော့ အခြေပျက် အနေပျက်နဲ့ ခရီးကြမ်း ဆက်ဆဲ။