တာချီလိတ်မြို့တွင် ယမန်နေ့ ဇွန်လ ၁၆ ရက်၊ ညနေပိုင်းက ဆိုင်ကယ် Taxi မောင်းနှင်သူအား ဓါးထောက်လုယက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှ ပြန်လည်ခုခံသောကြောင့် လုယက်သူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့၊ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi မောင်းနှင်သူ ဦးမျိုးလွင်သည် ဇွန်လ ၁၆ ရက်၊ ညနေပိုင်းက အမည်မသိ အမျိုးသားတစ်ဦးအား ဆန်ဆိုင်း (ခ) ရပ်ကွက်မှ မြို့ပြင် ဟွေခိုက်ရွာ၊ စာသင်ကျောင်းအနီးသို့ လိုက်ပါပို့ဆောင်ပေးစဉ် အဆိုပါကျေးရွာအနီး၌ အမျိုးသားက ဓါးဖြင့်ထောက်၍ ဆိုင်ကယ်အား လုယူရန် ကြိုးပမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဓါးဖြင့်ထောက်၍ ဆိုင်ကယ်လုယူရန် ကြိုးပမ်းစဉ် ဦးမျိုးလွင် က ပြန်လည်ခုခံသောကြောင့် ဆိုင်ကယ် လုယူရန် ကြိုးပမ်းသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဦးမျိုးလွင်တွင် ဝဲဘက်နံကြားနှင့် ဝဲဘက်ပေါင်တို့တွင် ဓါး ဒဏ်ရာတစ်ချက်စီ ရရှိခဲ့ပြီး တာချီလိတ်ဆေးရုံသို့ သွားရောက်ကုသခဲ့ရကြောင်း သိရသည်။
.
တာချီလိတ်မြို့တွင် ယင်းကဲ့သို့ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် အသင်းသားများအနေဖြင့် ဆိုင်ကယ် ပြေးဆွဲရာတွင် သတိထားကြရန်နှင့် ခရီးသည် ၂ ဦး တင်ဆောင်ခြင်းသည် ယုယက်သူတို့၏ ပစ်မှတ်ဖြစ်နိုင် သောကြောင့် သတိထားပြေးဆွဲကြရန် ရွှေတာချီလူမှုကူညီရေးအသင်းမှ သတိပေးထုတ်ပြန်ထားသည်။
.
တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ဆိုင်ကယ် Taxi သမားတစ်ဦး သတ်ဖြတ်ခံရပြီး ဆိုင်ကယ် လုယူခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။