သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာ အနီး၌ နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်နှင့် နယ်မြေခံ KNU ပူးပေါင်းတပ်တို့ ဇွန်လ ၂၅ ရက်၊ ညနေပိုင်းတွင်း မိနစ် ၄၀ ခန့်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ထုံးဘိုလေး (ကော်ကြာသဲ) ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်သည်။
.
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်များသည်
ထုံးဘိုလေးကျေးရွာ အတွင်းရှိ လူနေအိမ်များ သာမက စာသင်ကျောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းပါ
မကျန် မီးရှို့ ဖျက်ဆီးခဲ့ကြပြီး ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းမှ စ၍ ကျေးရွာအတွင်း ကျန်ရှိနေသေးသော လူနေအိမ်များကို
မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ရာ အိမ်ခြေမည်မျှ မီးလောင်ပျက်စီးသွားသည်ကို
အတိအကျ မသိရသေးကြောင်း KNU က ဆိုသည်။
.
ထုံးဘိုလေး (ကော်ကြာသဲ) ကျေးရွာတွင် အိမ်ခြေ
၁၅၀ ကျော် ရှိပြီး စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်
ဆက်တိုက် ပစ်ခတ်မှုများကြောင့် ရွာသားများမှာ ရွာအတွင်း မနေရဲတော့ဘဲ လူဦးရေ ထောင်ချီ၍
ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
.
ထို့အပြင် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင်လည်း
အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ လက်နက်ကြီး (၁၂၀ မမ) များဖြင့် ရမ်းသမ်း
ပစ်ခတ်မှုများကြောင့် အနီးတစ်ဝိုက်ကျေးရွာများ ဖြစ်သော ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊
အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ် အထက်ကျေးရွာများမှ ဒေသခံ အမြောက်အများမှာ နေအိမ်များကို
စွန့်ခွာ၍ ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
.