တောင်ကြီးမြို့၌ ယနေ့ ဇွန်လ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ ဒုခေါင်းဆောင် လမ်းကြောင်းကို ဖောက်ခွဲရန် ရည်ရွယ်သော်လည်း အနည်းငယ် စောသွားသဖြင့် အားနာကြောင်း SYM UG ထုတ်ပြန်သည်။
.
" စက္ကန့် အနည်းငယ်မျှ စော၍ ဖောက်ခွဲလိုက်မိသည်ကို မိဘပြည်သူများအား များစွာ အားနာလျက်ရှိပါသည်။ ထိုသို့ ဖောက်ခွဲလိုက်ရခြင်းမှာလည်း အကြောင်းအရာ များစွာ ရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် သိရှိနားလည် ခွင့်လွှတ်ပေးစေလိုပါသည်။" ဟု SYM UG က ဆိုသည်။
.
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်စီးမှုစာရင်းကို စုံစမ်းလျက် ရှိပြီး ပြန်လည် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ကိစ္စရပ်များ၊ လုပ်ငန်းများ၊ အနီးပတ်ဝန်းကျင်များကို ရှောင်ရှားနိုင်စေရန်ကိုလည်း သတိပေးထားသည်။
.
SYM UG မြို့ပြပြောက်ကျားတပ်ဖွဲ့ကို ပြီးခဲ့သည့် မေလ ၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အခြေခံ စစ်သင်တန်း အပါအဝင် အထူးကွန်မန်ဒိုနှင့် ဖောက်ခွဲရေးသင်တန်းများ ပြီးမြောက်ပြီ ဖြစ်၍ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။