ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း
.
နှစ်စဉ် ဇွန်လ၏ မိုးရေစက်များနှင့်အတူ
ထွက်ပေါ်လာသည့် သရုပ်တစ်ခုမှာ အဖြူအစိမ်း ဆင်တူစုံညီ ဆင်မြန်း လျက် အပြုံးပန်းကိုယ်စီဖြင့်
လန်းဆက်တက်ကြွစွာ စာသင်ကျောင်းသို့ လှမ်းလာနေကြသော ကျောင်းသား/ကျောင်းသူ လူငယ်/လူမမယ်လေးများ
ဖြစ်ကြသည်။ ကျောင်းသား/ကျောင်းသူများ နည်းတူ မိဘတို့၏ ဝမ်းသာပီတိ အပြုံးများသည်လည်း
တစ်ပါတည်း တွေ့မြင်နိုင်သည်။
.
သို့သော် ယင်း အပြုံးပန်းကလေးများ
ပျောက်ကွယ်ဆိတ်သုဉ်းခဲ့ရသည်မှာ ကြာခဲ့ပါပြီ။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုး
COVID-19 ၏ နှိပ်စက်မှု ဒဏ်ကို ခံစားခဲ့ရသည့်အတွက် စာသင်ကျောင်းများ ခေါင်းလောင်းသံ
မညံနိုင်ခဲ့ပါ။ ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရေးထက် ကျန်းမာရေးကို အလေးထားခဲ့
ရသည့်အတွက် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
.
၂၀၂၁ ခုနှစ်တွင်မူ အာဏာသိမ်း
စစ်ကောင်စီက COVID-19 ကပ်ရောဂါဆိုးကြီး ကြားမှပင် အတင်းအကြပ် ဖိအားပေး၍ စာသင်ကျောင်းများကို
ဖွင့်လှစ်စေခဲ့သော်လည်း တက်ရောက်သည့် ကျောင်းသား/ကျောင်းသူ လွန်စွာ နည်းပါးခဲ့ရပြီး
အများစုမှာ တက်ရောက်ကြခြင်း မရှိချေ။
.
ထိုသို့သော ကပ်ရောဂါ ဘေးဆိုး၊
စစ်အာဏာရှင်ဘေးဆိုးတို့ကြောင့် ကျောင်းသား/ကျောင်းသူ လူမမယ် ကလေးငယ်များ အဖို့ စာသင်နှစ်
၂ နှစ်တာ နစ်နာခဲ့ရပြီးနောက် ယခုနှစ်တွင် စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်သည့် စာသင်ကျောင်းများ၌
မတတ်သာ၍ ကျောင်းသား/သူအချို့ ပြန်လည် တက်ရောက်လာခဲ့ကြသည်။ မိဘများကလည်း မိမိတို့ သား/သမီးတို့
ပညာရေး နောက် မကျစေရေးအတွက် စာသင်ကျောင်းကို ပြန်လည် ပို့ဆောင်လာကြသည်။ သို့သော် ယခင်ကကဲ့သို့
ရွှင်လန်းတက်ကြွသည့် အပြုံးများကိုမူ မမြင်တွေ့နိုင်တော့ချေ။
.
ကျောင်းသား/သူများကို စစ်ကောင်စီက
ဖွင့်လှစ်သည့် စာသင်ကျောင်းသို့ မပို့ဘဲ နေအိမ်တွင် သင်ကြားပေးရန် ဆိုသည်မှာလည်း မိဘများအဖို့
မလွယ်ကူသည့် ကိစ္စဖြစ်သည်။ လူနေမှုစရိတ် ကြီးမြင့်သည့် ယနေ့ခေတ်တွင် နိုင်ငံ့ လူဦးရေ
အများစု ဖြစ်သည့် အခြေခံ လူတန်းစား ဆင်းရဲဿားနှင့် လူလတ်တန်းစား အိမ်ထောင်စုများအဖို့
မိဘနှစ်ပါး၊ အိမ်ရှိလူကုန် အပြင်ထွက် စီးပွားရှာနိုင်ပါမှ မန်မန် တူတူမပုန်းနိုင်မည့်အရေး
ဖြစ်သည်မို့ သား/သမီးများကို အချိန်ပေး သင်ကြားနိုင်ရန် ခက်ခဲသလို အသင့်အတင့် ပြည့်စုံသူများအဖို့လည်း
ရှိသည်ထက် ပိုရှိအောင် ကြိုးပမ်းရင်း မိမိတို့၏ ရင်နှစ်သည်းခြာ သားသမီးရတနာများကို
အိမ်တွင် အချိန်ပေး၍ စာသင်ပေးနိုင်ရန်မှာ အခက်အခဲဖြစ်သည်။
.
မိဘ ကိုယ်တိုင် ပညာအခြေခံ
နည်းပါးသူများအဖို့တော့ သားသမီးများကို ပြန်လည်သင်ကြားပေးနိုင်ရန်မှာ ပိုမို အလှမ်း
ဝေးနေပြန်သည်။ ဂိုက်ဆရာ မခေါ်၍ နေအိမ်တွင်ပဲ စာသင်ပေးမည် ဆိုပြန်တော့လည်း ကုန်ကျစရိတ်က
ရှိလာမည် ဖြစ်သည်။
.
အွန်လိုင်းမှ တစ်ဆင့် သင်ကြားရေး
ဆိုသည်မှာလည်း ပြောသလောက် ခရီး မပေါက်နိုင်ချေ။ အွန်လိုင်းမှ ပညာ သင်ကြားနိုင်ရန် လက်ပ်တော့
ကွန်ပျူတာတစ်လုံး သို့မဟုတ် အနည်းဆုံး ဈေးကြီးကြီး စမတ်ဖုန်းတစ်လုံး လိုအပ်မည်။ အင်တာနက်
အသုံးပြုနိုင်ရန်အတွက် ဝိုင်ဖိုင်အင်တာနက် တပ်ဆင်ထားရမည်။ ယင်းအတွက် ကုန်ကျစရိတ်များ
ရှိလာမည်ဖြစ်ရာ အခြေခံလူတန်းစား မိဘများအဖို့ အခက်အခဲ ရှိလာနိုင်သည်။
.
ထို့အပြင် လျှပ်စစ်မီး မရရှိသေးသည့်
ဒေသများ၊ ဖိုင်ဘာ အင်တာနက်လိုင်း မရရှိသေးသည့် ဒေသများမှ ကလေးသူငယ်များအဖို့ ယင်းအခွင့်အရေးမှာ
အလှမ်းဝေးနေဆဲ ဖြစ်သည်။ ကျေးလက်ဒေသ မဆိုထားဘိ မြို့တော် တောင်ကြီး၏ တောင်ဘက် အနည်းငယ်
ခြေဆန့်ကြည့်ပါက အဝေရာမီးပုံးပျံကွင်း ကျော်ပြီး ကံကြီးရပ်ကွက်ဘက်၊ ညိုမီးဘက် ရောက်သည်နှင့်
အင်တာနက်လိုင်းများ အခက်အခဲ ရှိနေသည်မှာ ယနေ့တိုင် ဖြစ်သည်။
.
ဒီတော့ မိဘများအဖို့ မိမိတို့
သားသမီးများ၏ ပညာရေး မနှောင့်နှေးစေရန်အတွက် စစ်ကောင်စီက ဖွင့်လှစ်သည့် စာသင်ကျောင်းများကိုသာ
ပြန်လည်စေလွှတ်လာနေရသည်။
.
“ ကျောင်းမပို့ဘဲ ထားပြန်ရင်လည်း
ကလေးအသက်က တစ်နှစ်ထက် တစ်နှစ် ကြီးလာပြီ။ နောက်ဆိုရင် ပိုပြီး ခက်ခဲတော့မှာ။ ဒီတော့
မဖြစ်မနေ ကျောင်းပို့ရတာပေါ့။ ကလေးကိုယ်တိုင်ကလည်း သွားချင်စိတ် မရှိပါဘူး။ ကျောင်း
မတက်တော့ဘူးပဲ လုပ်နေတာ။ မနည်းချော့မော့ပြီး ဒီတစ်နှစ်၊ နှစ်နှစ်ကို ပြီးအောင် တက်ဖို့
ပြောထားရတယ်။ စစ်ကျွန်ပညာရေးကို အလို မရှိတာ အမှန်ပါ။ မချစ်သော်လည်း အောင့်ကာ နမ်း
ဆိုသလိုပေါ့။” ဟု အထက်တန်းကျောင်းသား မိဘတစ်ဦးက ပြောသည်။
.
CDM ကျောင်သား တစ်ဦးကမူ
“ ကျောင်းသား/သူတွေ၊ ဆရာ/ဆရာမတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ ဒီ
စစ်ကောင်စီက ဖွင့်တဲ့ကျောင်းကို ဘယ်လိုစိတ်နဲ့ တက်ရမှာလဲ။ စစ်ကောင်စီ လက်အောက်မှာ လုံးဝ
မတက်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဆယ်တန်း မအောင်၊ ဘွဲ့ မရလည်း အကြောင်း မဟုတ်ပါဘူး။ စစ်အာဏာရှင်
လက်အောက်မှာ တစ်သက်လုံး နေသွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။” ဟု ပြောဆိုခဲ့သည်။
.
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ
၁ ရက် မှ စတင်၍ စစ်အာဏာသိမ်းမှုကို လက်မခံသည့် ကျောင်းသား/သူ လူငယ် လူရွယ်များ၊ ဆရာ/ဆရာမများ၊
ပြည်သူလူထုများကို စစ်တပ်နှင့် ရဲများက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ကြသည်။ အိမ်မှာနေ
အိမ်ကို ဝင်ဖမ်းသည်။ ည ဝင်ဖမ်းပြီး နောက်မနက် အလောင်း လာထုတ်ခိုင်းသည်။ လမ်းမပေါ်တွင်
ဆန္ဒပြလူငယ်များကို သေနတ် အစစ်ဖြင့် ဦးခေါင်းများကို ချိန်ရွယ်ပစ်ခတ်ခဲ့ကြသည်။ ဖမ်းဆီးရမိသူများကို
လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့ကြသည်။
.
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇွန်လ ၂ ရက်အထိ ၁၆ လတာ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၈၈၃ ဦးရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၀၈၇၀ ဦး ရှိလာပြီ ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ယင်းအနိဋ္ဌာရုံများကို မြင်တွေ့ခဲ့ရသည့်
ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ၏ စိတ်တွင် ကြောက်ရွံ့မှု အစား နာကြည်း မုန်းတီးမှုများ
ကိန်းအောင်းလာခဲ့ရသည်။ ထို့ကြောင့် စစ်ကောင်စီကို လက်မခံကြောင်း မိမိတို့ တတ်နိုင်သည့်
နည်းအားဖြင့် ဆန့်ကျင်လာကြသည်။ အချို့က လက်နက် ကိုင်ဆောင်၍ စစ်ကောင်စီကို ပြန်လည်တွန်းလှန်
တိုက်ခိုက်နေသလို အချို့ကလည်း အကြမ်းမဖက် အာဏာဖီဆန်သည့် နည်းလမ်းဖြင့် CDM ပြုလုပ်ကာ
စာသင်ခန်းကို ကျောခိုင်းလာခဲ့ကြသည်။
.
လူ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း
တစ်ခု၏ အကျိုးစီးပွားအတွက် တိုင်းပြည်အာဏာကို လက်နက် အားကိုး ဓါးပြတိုက် လုယူခဲ့သည့်
အကျိုးဆက်ကား တိုင်းပြည်အတွက် များစွာ နစ်နာဆုံးရှုံးလှပေသည်။ နှစ်ပေါင်းများစွာ ခေါင်း
စဉ်မျိုးစုံ တပ်ထားသော အာဏာရှင်အစိုးရ အဆက်ဆက် လက်အောင်တွင် အစစအရာရာ နောက်ကျ ကျန်ရစ်
ခဲ့သည့် မြန်မာပြည်အဖို့ အရပ်သားအစိုးရ (အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်
အပါအဝင်) သက်တမ်း နှစ်ဆက် ၁၀ နှစ်တာအတွင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေချိန်
အာဏာရူးတစ်စု၏ တစ်ကျော့ပြန် စစ်အာဏာ သိမ်းမှုကြောင့် ကြိုးပမ်းခဲ့သမျှ အချည်းအနှီးသာ
ဖြစ်ခဲ့ရသည်။
.
ယင်းကဲ့သို့ နာကြည်း မုန်းတီးမှုများ၊
စိုးရိမ်ထိတ်လန့်မှုများဖြင့် စတင် ဖွင့်လှစ်သင်ကြားနေသည့် စစ်ကောင်စီ၏ စာသင်ကျောင်းများသည်
ခေါင်းလောင်းသံ ညံပင် ညံညားသော်လည်း မသာယာနိုင်သေးပါ။ အပြုံးများသည်လည်း မဝေဆာနိုင်သေးပါ။
.
နေခြည်မှာ ရွှေရည်မလောင်း နိုင်သေးပါ။ စာသင်ကျောင်းများအတွက် အနာဂတ်၏ ကြယ်ပွင့်ကလေးများကို အားနာလျက်။ ။