မိုင်းရှူးမြို့နယ် အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် စစ်ကောင်စီတပ်က အကြောင်းကြားထားသော်လည်း ဖယ်ရှားပေးမည်မဟုတ်ကြောင်း SSPP/SSA က ယနေ့ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်က မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ SSPP/SSA ဌာနချုပ် လုံခြုံရေးစခန်းများ ဖြစ်သော လွိုင်နိုင်းလမ်းခွဲအဝင် အနီးရှိ တပ်စခန်း တစ်ခုနှင့် မန်ဝိန်းကျေးရွာ အနီးရှိ တပ်စခန်း ၂ ခုတို့ကို ဖယ်ရှားပေးရန် ဇွန်လ ၄ ရက်တွင် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စခန်းများသည် SSPP/SSA မှ ဆယ်စုနှစ် တစ်ခုစာ အခြေပြုခဲ့သည့် တပ်စခန်းများ ဖြစ်သည့်အတွက် တပ်ဆုတ်ပေးရန် မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
SSPP/SSA တပ်မဟာ (၇၀၂)၊ တပ်ရင်း (၄၂၄) က ဆယ်စုနှစ် တစ်ခုစာ အခြေပြု လုပ်ရှားနေသည့် စစ်စခန်း ၃ ခုကို စစ်ကောင်စီတပ်က ဆုတ်ခိုင်းခြင်း ဖြစ်ပြီး၊ တောင်ပိုင်း ဆနင်းနောင် အနီးတစ်ဝိုက်တွင် RCSS နှင့် SSPP တပ်များ အကြား စစ်ရေးတင်မာနေကာ အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်သည့်အတွက် ဆုတ်ပေးနိုင်ခြင်း မရှိကြောင်းနှင့် စစ်ပြင်ဆင်ထားပြီး စစ်ကောင်စီတပ်ဘက်က စစ်ထိုးလာပါက တုံ့ပြန်ရန် အသင့် ပြင်ဆင်ထားကြောင်း SSPP/SSA စစ်မြေပြင် တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်ဟု သိရသည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်သည် တပ်ရင်း (၂၄၉) လွိုင်နားအနီးတစ်ဝိုက်၊ တပ်ရင်း (၁၅၃) အနီး၊ တပ်ရင်း (၂၉၆) ဟွေလုံတပ်စန်းနှင့် ဝမ်ဟွေလွတ်တပ်စခန်းအနီး၊ တပ်မဟာ (၈၁)၊ တပ်ရင်း (၉၉)၊ တပ်ရင်း (၂၉၆) နမ့်ပါလမ် တပ်စခန်းအနီး ဒေသများတွင် လှုပ်ရှားလျက် ရှိပြီး လွိုင်လင်၊ မိုင်းပွန်၊ ဆနင်းတောင်ဒေသ တဝိုက်တွင် စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။