သူ့နာမည်က ကိုအောင်စိန်။ အရပ်ထဲ လူကြီးပိုင်းနဲ့ သက်တူရွယ်တူတွေက မော်တာလို့ ခေါ်ကြတယ်။ အငယ်တွေကတော့ ကိုမော်တာပေါ့။ ကိုအောင်စိန် ဒီနာမည် တွင်ရခြင်းက လူရည်လည်လို့ မဟုတ်ဘူး။ လူတကာအပေါ် ဖျံကျတတ်၊ ညစ်ပတ်တတ်လွန်းလို့။ ဘာမဆို မြင်လေရာ လိုချင် မျက်စိက ရှိ၊ လစ်ရင် လစ်သလို လုပ်ဖို့ ဝန်မလေး။ သူတစ်ပါး အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ချောက်ချ၊ ချောက်တွန်းဖို့လား ရတယ်။ မျက်ရည်ပေါက် ကြီး/ငယ် ကျတဲ့ ထမင်း ခပ်အေးအေး စားလိုက်တာပဲ။ သူ့အတွက် ကျန်မယ်ထင်ရင် တွေ့ကရာ နဖူး သိုက်တူးမယ့် လူစားမျိုး။ ရပေါက်ရလမ်း ရှိလို့ကတော့ လူကြီးကလေး၊ သက်ကြီးရွယ်အို အထိ ချမ်းသာ မပေး။ သင့်တော်၏ မသင့်တော်၏ သနားရမယ်၊ ညှာတာရမယ် တစ်ခုမှ စိတ်မဝင်စားဘူး။ ဘယ်လမ်းက ရရ သူ့ အိတ်ကပ် ဖောင်းမယ်ထင်ရင် လုပ်မယ်ဆိုတာချည်း။
.
ရက်ကွက်ထဲ ဟိုစပ်စပ် ဒီစပ်စပ်
သူ မပါတဲ့ နေရာ မရှိ သာရေး၊ နာရေး အသံတစ်ခုခ ကြားတာနဲ့ ဖိတ်စာမရိုက်ခင် သူက ရောက်နေပြီ။
အခေါ်လွှတ်စရာ မလိုဘူး။ လိုက်ရှာတာကမှ လွဲချင် လွဲနေဦးမယ်။ မိုးလင်း၊ မိုးချုပ် တစ်နေကုန်
လမ်းတကာ ပတ်သွားနေတဲ့ သကောင့်သားလေ။ ရပ်ကွက်ထဲ သာရေး ဖြစ်ဖြစ်၊ နာရေးကိစ္စ ပေါ်ပေါ်
မခေါ်လည်း အဲဒီအိမ် ပွဲစ၊ ပွဲဆုံး။ ဟိုနား ဆရာလုပ်၊ ဒီနားအောက်ခြေသိမ်း နည်းနည်းလုပ်။
ကိုယ်ဖိ ရင်ဖိ ပဝါမကူ ရေမရှုစတမ်း လုပ်တာက သူ့အိမ် မီးခိုးတိတ်ဖို့။ ချိုင့် ဆွဲလိုက်၊
ကျွတ်ကျွတ်အိတ် ထည့်လိုက်။ သတိရတိုင်း လွန်းပြန် ထိုးနေတာ။ ခေါက်ရေ စိပ်ချက်က မော်တာဆိုတဲ့
နာမည်တောင် သူ့ကို ပြန်သြချရတဲ့အထိ။
.
မွေးတည်းက ချက်ကြော နဲ့ ရှက်ကြော
မှားဖြတ်တယ်ဆိုတဲ့ စကား သူလိုလူစားမျိုးအတွက် ဖြစ်လိမ့်မယ် ထင်တယ်။ ရဟန်းသံဃာ ကပ်လှူဖို့
ချက်ထားတဲ့ ဆွမ်း ထမင်းဟင်း အလွတ်မပေးဘူး။ ဖဲဝိုင်း ရှိတဲ့ နာရေးအိမ်ဆို အကောက်ငွေထည့်တဲ့
ဖလားက ရက်လည်နေ့အထိ သူ့ခြေသူ့လက်၊ နာရေးပိုင်ရှင်တောင် လက်ပူအောင် မကိုင်ရဘူး။ မခိုင်းဘဲ
လုပ်ပေးတာကို ကျေးဇူးအခါခါ တင်ရမလို။ သူတစ်ဝက် ကိုယ်တစ်ဝက် မလုပ်ရင် တော်ပါသေးရဲ့ ဆိုပြီး
လွှတ်ထားလိုက်ကြရတာ။ နာရေးအိမ် ဆိုတာက ကိုယ့်အပူ ကိုယ့်ဇော ကပ်နေတော့ အကြောဖြတ် မှားတဲ့
လူနဲ့ ယှဉ်မပြောချင်တာလည်း ပါတာပေါ့။ သူ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အရပ်ထဲက ဘယ်လောက်
မကောင်း ပြောပြော ဂရုမစိုက်ဘူး။ အပြုံးမပျက် ခရီးဆက် ဒီဖက်နား ဝင်၊ ဟိုဖက်နားက ထွက်။
မော်တာ ဆိုတဲ့လူက မြန်မာအိုင်ဒေါ ဒိုင် ဦးသိန်းတန် လေသံငှား ပြောရရင် နိုးပါပဲ။
.
သူ့ တင်လားဆိုတော့ အဖော်အပေါင်း
ခပ်ငံငံ ဆား တစ်ပွင့်နဲ့ပါ။ သူ့မိန်းမ မတင်စိန် ကလည်း အတော် လက်ညီပါတယ်။ အသွင်တူလို့
အိမ်သူ ဖြစ်တယ်ဆိုတဲ့ စကား သူတို့ လင်မယားအတွက် ကွက်ကွက်ကွင်းကွင်း ထားခဲ့လား မပြောတတ်ပါဘူး။
ဘယ်နေရာ ရောက်ရောက် မောင်တစ်ထမ်း မယ်တစ်ရွက်။ မော်တာတစ်ဆွဲ သူတစ်ဆွဲ။ မတင်စိန် ဇ ကလည်း
မသေးဘူး။ အပျိုဖော်ဝင်တည်းက နှုတ်သီးကောင်း လျှာပါး အရပ် အော်ကျောလန်။ စီခနဲ အသံကြား
ထမီ ကွင်းသိုင်းနဲ့ အယုတ္တ၊ အနတ္တ အော်ရင် အဲဒါ မတင်စိန်။ မိန်းမချင်း ဖြစ်တာလောက်
ဇယားတောင် မကပ်ဘူး။ ယောက်ျား ရင့်မာနဲ့လည်း တွေ့မရှောင် ဘွာမခတ် ဆိုတဲ့ အကြမ်းစားကြီး။
အပြောအဆိုစကားလုံး ပက်စက် ချက်ကမ်းကုန်တယ်။ ပစ်ပစ်နှစ်နှစ် ပြောတတ်ပါတယ် ဆိုတဲ့လူ မတင်စိန်
နဲ့ တွေ့ရင် လက်လန်ရုံမက လူပါ ပက်လက် လန်သွားနိုင်တယ်။
.
ဒီလို အောက်တန်းကျ ပေါက်ပန်းလေးဆယ် လူနှစ်ယောက် တစ်ချိန်က
လူတိုင်း စေ့စေ့မကြည့် ရဲတဲ့ ဘဝ ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတာ မယုံကြည်နိုင်စရာ အဖြစ်အပျက်
တစ်ခု။ဒါပေမယ့် တကယ် ရှိခဲ့ပါတယ်။ အရပ်ထဲက လက်ငုတ်လက်ရင်း လူဟောင်းတွေ ကောင်းကောင်း
သိကြပါတယ်။ နောင်အသစ်ဝင်တဲ့ လူတွေသာ ယုံရ ခက် ဖြစ်နေတာပါ။ လက်ရှိ သူ တို့ အနေအထားကလည်း
လူတိုင်းမော်မကြည့်ရဲတဲ့ ဘဝ ရောက်ခဲ့တယ်ဆိုတ ာယုံနိုင်စရာမှ မရှိပဲ။ ဗိုလ်စောမောင်
လက်ထဲက ဗိုလ်သန်းရွှေ အာဏာ ပြန် (တဆင့်) သိမ်းပြီးတဲ့ အချိန်ကပေါ့။
.
စစ်အစိုးရ လက်ထက် ထောက်လှမ်းရေး တစ်မွန်းတည့်ချိန်
ဘယ်ကဘယ်လို စပ်မိတယ် မပြောတတ်ဘူး။ ကိုမော်တာ သတင်းပေး (အင်ဖော်မာ) ဖြစ်သွားပါတယ်။ နဂိုစိတ်အခံ
ယုတ်ညံ့တဲ့ လူတစ်ယောက် သတင်းပေးဖ ြစ်သွားတာ ရာဟု အပါအဝင် ရှစ်ရက်သားသမီး ငါးပါး မှောက်တာပါပဲ။
အရှင်မွေးတော့ နေ့ချင်း ကြီး ပြောရမလား။ ဒီစကားလုံးက သူလိုလူအတွက် သိပ်တော့ မတန်လှပါဘူး။
ဒါပေမယ့် ထားလိုက်ပါ။ ကျန်တာ သုံးပြန်ရင်လည်း ထပ်ပြီး မတန်မရာ ဖြစ်နေမှာ စိုးလို့။
ထောက်လှမ်းရေးအရှိန်နဲ့ ဘယ်လောက် တန်ခိုးထွားသလဲ ဆို ခိုးဆိုးလုနှိုက် အဆင့်က ချက်ချင်း
အိတ်ဖောင်း ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်။ အဲဒီအချိန် လူတိုင်း မဝယ်နိုင်တဲ့ ယိုးဒယားဘီးအစစ်
ဟွန်ဒါဒရင်း ဆိုင်ကယ် နေ့ချင်းညချင်း လက်ထဲ ရောက်လာတယ်။ ခပ်ညံ့ညံ့ တရုတ်ဆိုင်ကယ် မဟုတ်ဘူး။
.
မော်တာတို့ မီးတောက်ပုံများ အတော်ဆိုးတယ် ပြောရမှာပါပဲ။
လိုင်းကြေး တစ်ခုနဲ့ ဒေါင်ချာ စိုင်းနေတဲ့ အရက်ပုန်းဆိုင်၊ နှစ်လုံး၊ ချဲထီလောင်းကစား
ဒိုင်တွေ သူ့ကိုတစ်ဆင့် ပူဇော်ပသရတယ်။ ချဲဒိုင်တစ်ယောက် မပေးဘဲနေတော့ အထုပ်ပစ်ပြီး
လက်တို့ပြီး ဖမ်းခိုင်းတယ်။ အဲဒီချဲဒိုင်က မော်တာ စားအိမ်သောက်အိမ်လို နေတဲ့ တစ်ရပ်ကွက်တည်း
သားချင်းတွေ၊ နားရွက်တို ဆိုတာမျိုးက တစ်လုတ်စားဖူး သူ နားမလည်ဘူး ပြောရမှာပေါ့။ နောက်အရပ်ထဲ
ဘာ အခမ်းအနား လုပ်လုပ် သူ့ အကြောင်းကြား ရမယ်တဲ့။ သာရေးနာရေး ရှိလို့ လေး၊ ငါး၊ ဆယ်ယောက်
စု ထိုင်ရင် အဲဒီဝိုင်းနားက မခွာဘူး။ လူကြားသူကြား ရောက်ရင် စကားပြောစက် လက်က မချဘူး။
ထောက်လှမ်းရေးခေတ် ကောင်းစဉ်က အားလုံး သိတဲ့အတိုင်း။ သူတို့ စိတ်ထဲ ယုန်ထင်ကြောင်ထင်
ဖြစ်ရင် ဟုတ်တာ မဟုတ်တာ အသာထား ဆွဲမယ်ဆိုတာ ချည်း။
.
ဘုရားဝတ်ပြု ရေစက်ခွက်ကိုင်တုန်း ဆွဲတယ်။ စိတ်ကူးနဲ့
ရေစက်ချပေါ့။ စားရင်းသောက်ရင်း ကိုယ်စားတဲ့ ထမင်းနဲ့ဟင်း အမယ် အလွှတ်မရခင် မအေ၊ နှမချင်း
ထပ်အောင် ညာသံပေး ခေါ်သွားတာလည်း ရှိခဲ့ပါတယ်။ မော်တာ အတို့ ကောင်းလို့ မဆီမဆိုင် အချောင်ဒုက္ခ
ရောက်တဲ့လူတွေ မနည်းပါဘူး။ ထောက်လှမ်းရေး အရှိန်အဝါနဲ့ ဘယ်လောက်ထိ ပါးပြောင်လည်းဆို
ခွဲတမ်းနဲ့ အလှည့်ကျ လင်းတဲ့လျှပ်စစ်မီး သူ့အိမ်မှာ
၂၄ နာရီ အပြည့် လင်းပါတယ်။ မီးလင်းတဲ့ ရပ်ကွက် နှစ်ခုကို ဆားဗစ်ကြိုး နှစ်ချောင်း အပြိုင်ဆွဲထားလို့။
၂၄ နာရီ အပြည့် လင်းပေမယ့် သူ့အိမ်မီတာဘောက်စ်က တစ်ပတ်မှကို မလည်ဘူး၊ မီတာ ဆောင်တာလည်း
မတွေ့ခဲ့ဖူးဘူး။ မတရားမှန်း သိပေမယ့် ဘယ်သူမှ မပြောရဲကြပါဘူး။ ပြောပြန်ရင် ဘာမဟုတ်တဲ့
ကိစ္စနဲ့ သန်းခေါင်ကျော် အိတ်လာစွတ်မှ ကာလနာ တိုက်တာထက် ဆိုးသွားနိုင်လို့။ ( ကိုယ်တွေ
ကြောက်ခဲ့ကြတာပါ၊ ခုခေတ် ကလေးတွေတော့ မကြောက်ကြပေါင်။ )
.
လုပ်တာက သတင်းပေး။ ပြောလိုက်ရင် ကကလှမ်း ဆိုတဲ့ စကား
ပါးစပ်က မချ။ မိုးလင်းမိုးချုပ် ဆိုင်ကယ်တစ်စီး ပတ်မွှေတာ ဂိုဏ်းချုပ် ဦးခင်ညွန့် မျက်မြင်ကိုယ်ကျတွေ့ ခဲ့ရင် ပါမင့်နှစ်တောင် ဖြစ်သွားနိုင်တယ်။
မော်တာ လိုလူ ထောက်လှမ်းရေးအစစ် ဖြစ်လို့ကတော့ အရပ်ထဲလူတွေ နေစရာ ရှိမယ် မထင်ဘူး။ သတင်းပေး
လုပ်တာနဲ့တင် အတော် ဒုက္ခ များနေပြီ။ ရှေ့နောက် မကြည့်၊ လုပ်သင့် မလုပ်သင့် မစဉ်းစား။
သခင်အားရ ကျွန်ပါးဝ ပြလိုက်တယ် ပြောရမှာပေါ့။ မော်တာ တစ်ယောက် မြို့မေတ္တာ ခံယူတဲ့အချိန်
မတင်စိန် ကလည်း အရပ်ထဲ တထောင်ထောင်နဲ့။ လင်မယားနှစ်ယောက် နာမည်လည်း ကြည့်လိုက်ဦး။ ထိပ်စည်း
ကွာပြီး နောက်ပိတ်အတူတူ။ လက်ရည်ချင်း ချွတ်စွတ်မတူတောင် အလုံးအထည် မကွာဘူး ပြောရမှာပဲ။
.
နေထွက်ချိန် ရှိသလို၊ နေဝင်ချိန်ဆိုတာ ရှိတယ်။ လှိုင်းကြက်ခွပ်က
နေမုန်တိုင်း ထန်တတ်တယ်။ အတက်ပြီးရင် အကျဆိုတာ ရောက်လာတတ်တယ်။ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ
၁၉ ရက် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ခင်ညွန့် အပါအဝင် လက်အောက်ငယ်သား အားလုံး အရေးယူခံရတယ်။ တိုက်ဆိုင်တာလား၊
၀ဋ်လည်တာလားတော့ မပြောတတ်။ ၁၉၈၈ စက်တင်ဘာ ၁၉ ရက် ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ရဟန်းရှင်လူ
ကျောင်းသား ပြည်သူတွေကို အာဏာရှင် စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွင်းတဲ့နေ့ရက်
တစ်ခု။
.
ထောက်လှမ်းရေး အရောင်နဲ့ ပါးပြောင်ခဲ့တဲ့ မော်တာ တစ်ယောက်
အရပ်ထဲက ပျောက်သွားခဲ့တယ်။ အစွယ်အပွား အနေနဲ့ မော်စကို အလည်ရောက်သွားလားဆိုတာတော့ မပြောတတ်။
မော်တာ နဲ့ ပန်ကာ ရဲ့ လက်ရှိအနေအထားက အထက်မှာ တင်ပြခဲ့တဲ့အတိုင်း။ အရပ်ထဲ ဟိုစပ်စပ်ဒီစပ်စပ်
လုပ်မယ်။ လစ်ရင် လစ်သလို ရတာ ဆွဲမယ်။ တွေ့တဲ့ပွဲ မျက်နှာပြောင်တိုက် ပါဆယ် ဆွဲတယ်။
အကျော်အခွ အပူးအသတ် ဇယားခင်း။ အရူးကွက် တွင်တွင်နင်းတဲ့ ကိုအောင်စိန် နဲ့ မတင်စိန်။
ဂျင်ပေါ်က ထုံးစက်တွေ အရောင် မှိန်သလို ရှိပေမယ့် မော်တာနဲ့ ပန်ကာလို လူစားတွေ အရပ်ထဲ
အများကြီး ရှိနေသေးတယ်။ ခု ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး မကြာဘူး။ မော်တာလို လူတွေ အများကြီး
ပေါ်လာပြန်ပြီ။ မော်တာလို လည်နေကြ၊ လုပ်နေကြပြန်ပြီ။ ဒါပေမယ့် မွန်းလွဲ ပြီးရင် နေဝင်တယ်
မဟုတ်လား၊ ဟုတ်တယ်။ မွန်းလွဲပြီးရင် နေ၀င်သွားမှာပဲ ။ အေးမြတဲ့ လရောင် အောက်မှာ မွန်းလွဲသူတွေ
နေဝင်ချိန် ရောက်သင့်ပြီ။ မွန်းလွဲသူများ နေဝင်ချိန်
ရောက်ခါနီးပြီ၊ နေဝင်ချိန် ရောက်တော့မယ်။ ။