စာသင်ကျောင်းထဲက ပျောက်သွားတဲ့ လူ့ယဉ်ကျေးမှု (သို့မဟုတ်) စစ်ကျွန်ပညာရေး အသက်ဝင်နေပြီလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စာသင်ကျောင်းထဲက ပျောက်သွားတဲ့ လူ့ယဉ်ကျေးမှု (သို့မဟုတ်) စစ်ကျွန်ပညာရေး အသက်ဝင်နေပြီလား


မြန်မာနိုင်ငံတစ်ဝှမ်းနဲ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့က စာသင်ကျောင်းတွေကို ဇွန်လ ၂ ရက်နေ့က စပြီး ဖွင့်တာ အခုဆိုရင် ကျောင်းဖွင့်ရက်က တစ်လနီးပါး။ ကျောင်းပြန်တက်တဲ့ ကလေး များသလို၊ ကျောင်း ပြန်မတက်သေးတဲ့ ကလေးတွေလည်း အများအပြား ရှိနေသေးတယ်။ တာဝန် တစ်ရပ်အနေနဲ့ မိဘအလိုကျ ပြန်တက်တဲ့ ကလေးက ပိုများတယ်လို့ ဆိုတယ်။ ကျောင်းတက်တဲ့ ကလေးတွေကို ဆိုပြောစရာ အကြောင်းမရှိသလို မတက်တဲ့ ကလေးတွေကိုလည်း အပြစ်တင်စရာ အကြောင်းမရှိ။ လူတိုင်းကိုယ်စီ လျှောက်ရမယ့် လမ်းကြောင်းရှိပြီးသား။ ခြောက်ဘာသာ ဂုဏ်ထူး ထွက်သူတိုင်း ဆရာဝန် မဖြစ်သလို၊ ဆရာဝန်တိုင်းလည်း ဆေးကုကြတာ မဟုတ်။ ဘွဲ့ရတိုင်းလည်း ပညာတတ်တာ မဟုတ် ဆိုသလိုပေါ့

.

ကျောင်းတက်ခြင်း မတက်ခြင်းကို ဝေဖန်စရာ အကြောင်း မရှိပေမယ့် ဒီရက်ပိုင်း တောင်ကြီးမြို့က စာသင်ကျောင်းကြီး တစ်ခုမှာ ဖြစ်သွားတဲ့ အကြောင်းအရာ တစ်ခုကတော့ အင်မတန် ရုပ်ဆိုးလွန်းတယ် ဆိုရလိမ့်မယ်။

အကြောင်းအရာကတော့ အများသိပြီးတဲ့အတိုင်းပါ။ ကျောင်းသန့်စင်ခန်း တစ်ခုထဲမှာ ကျောင်းသား နှစ်ယောက်က တစ်ခြား ကျောင်းသား တစ်ယောက်ကို ဝိုင်းပြီး ကန်ကျောက်ထိုးကြိတ်မှု လုပ်ပါတယ်။ လူမှုကွန်ရက်ပေါ် တက်လာတဲ့ ရုပ်သံဖိုင်ကို ကြည့်ခြင်းအားဖြင့် အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ပုံစံ ဖြစ်နေပါတယ်။ ကျောင်းဝတ်စုံ ဝတ်ထားလို့ ကျောင်းသားတွေလို့ လက်ခံလိုက်ရပေမယ့်၊ စာသင်ကျောင်းထဲမှာ ဖြစ်သွားတဲ့ ပုံစံက အင်မတန် ရုပ်ပျက်ရိုင်းစိုင်းလွန်းတဲ့ အနေအထားပါ ။

.

ရုပ်သံကြည့်ပြီး ဝေဖန် သုံးသပ်ချက်များအရ တောင်ကြီးမြို့လယ်မှာ ရှိတဲ့ အထက်တန်းကျောင်းကြီးတစ်ခုလို့ ဆိုကြပါတယ်။ ဝိုင်းဝန်း ထိုးကြိတ်တဲ့ ကလေး နှစ်ယောက်က ဘယ်နေရာမှာ နေတဲ့ ဘယ်သူ့ကလေးတွေဆိုတာ အထိ ပြောဆိုမှုတွေ ရှိပါတယ်။ ထိုးကြိတ်ခံရတဲ့ ကလေးကို ဒူးထောက်ထိုင် လက်အုပ် ချီခိုင်းတဲ့အထိ လုပ်တာတော့ ကျူးလွန်တဲ့ကလေးတွေကို ကျောင်းသားလို့ သတ်မှတ်ရမှာတောင် ခက်ခဲတဲ့ အခြေအနေ တစ်ခုပါ။ ကျောင်းသားအရွယ် ကလေးတစ်ယောက်ရဲ့ လုပ်ရပ်ဟာ မိဘတွေရဲ့ သွန်သင်ဆိုဆုံးမမှုနဲ့ အဓိက သက်ဆိုင်ပါတယ်။ လူမှုကွန်ရက်မှာ ပြန့်နှံခဲ့တဲ့ ရုပ်သံဖိုင်ကို ကြည့်ခြင်းအားဖြင့် ဒီကလေးတွေဟာ အတော် လက်ရဲဇက်ရဲ နိုင်လွန်းပါတယ်။

.

“ စာသင်ကျောင်းထဲမှာ ကျောင်းသားအချင်းချင်း ဒီလောက်အထိ ဖြစ်တာတော့ အတော်ကြီး ရုပ်ဆိုးလွန်းပါတယ်။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဒီအရွယ်တောင် ဒီလောက်အထိ လက်ရဲဇက်ရဲ လုပ်တတ်နေရင် ဒီကလေးတွေရဲ့ အနာဂတ်က အတော်ကြီး ခက်ခဲသွားလိမ့်မယ်။ မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးကို ဆုံးမဖို့ လိုအပ်နေတာပေါ့။ ဒီပုံစံအတိုင်း ကျောင်းမှာ ဆက်သွားနေရင် ကျန်တဲ့ကလေးတွေ အတွက်လည်း အတော်မလွယ်တဲ့ ကိစ္စကြီး ဖြစ်နေလိမ့်မယ်။ အခု ကြည့်ရတဲ့ အနေအထားက ရုပ်သံထွက်လာလို့သာ အများက သိလိုက်ရတာမျိုး။ ကျောင်းဘက်က ထိရောက်တဲ့ အပြစ်ပေးတာမျိုး မရှိသလို၊ လူသိမှာ စိုးလို့ ထိန်ချန်ထားတာမျိုး ဖြစ်နေတယ်။” လို့ ကျောင်းသား မိဘတစ်ဦးက ပြောတယ်။

.

နောက်တစ်ချက်က ရုပ်သံ ရိုက်ကူးထားမှု မှတ်တမ်း။ ကျောင်းချိန်အတွင်း လက်ကိုင်တယ်လီဖုန်း မသုံးဖို့၊ စာသင်ကျောင်းကို ဖုန်းယူမလာဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒီရုပ်သံမှတ်တမ်းကို ကြည့်ခြင်းအားဖြင့် စာသင်ကျောင်းတွေဘက်က လက်ကိုင်ဖုန်း မသုံးရဆိုတဲ့ အချက်ကို တိတိကျကျ စိစစ် ဆောင်ရွက်နိုင်ခြင်း မရှိတာပါ။ စာသင်ကျောင်းဆိုတာ လူစွမ်းအားအရင်းအမြစ်တွေ မွေးဖွားတဲ့ နေရာတစ်ခုပါ။ သင်ရိုးထဲမှာ ပါတဲ့ သင်ခန်းစာတွေကို သင်ပေးရုံနဲ့ လုံလောက်ခြင်း မရှိသေးပါဘူး။ လူလားမြောက်အောင် သင်ပြပေးဖို့ သင်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ကျောင်းသား ပီသအောင် စာသင်ကျောင်းက သင်ပြပေးဖို့ လိုအပ်နေပါတယ်။

.

ဝန်ထမ်းအင်အား လုံလောက်ခြင်း မရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလို့ မရနိုင်ပါဘူး။ စစ်တပ်က အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ နိုင်ငံရေး အခြေအနေတွေအရ ဒီလိုတွေ ဖြစ်လာတာပါ။

တာဝန် ယူနိုင်လို့ နေရာ တက်ယူထားရင် တာ၀န်ခံမှု တချို့ကိုလည်း ဆောင်ရွက်နိုင်ရပါလိမ့်မယ်။ ကြီးနိုင်ငယ်ညှင်း အုပ်စုဖွဲ့ အနိုင်ကျင့် ခြိမ်းခြောက်တဲ့ဝါဒဆိုတာ အခြေခံပညာ ကျောင်းတွေမှာ ပေါက်ဖွားလာရမယ့် အရာမျိုး မဟုတ်ပါဘူး။ ဘယ်လိုပဲ စစ်အာဏာရှင် လက်အောက်မှာပဲ ဖြစ်ဖြစ် အခြေခံပညာ ကျောင်းသားအရွယ်တွေကိုတော့ အာဏာရှင် အလိုကျ ဖြစ်စေလို့ မရပါဘူး။ ဒီဖြစ်ရပ်အပေါ် အကောင်းဆုံးနဲ့ အပါးနပ်ဆုံး ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိရင် နေ့ရက်များစွာ ကျန်နေသေးတဲ့ စာသင်နှစ်အတွက် သက်ရောက်မှုတွေ ကြီးသွားနိုင်ပါတယ်။ ကျောင်းသားမိဘ တချို့ဆိုရင် ကျောင်းဆက်ထားရမှာတောင် ခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ဆိုကြတယ်။

.

ယဉ်ကျေးတဲ့ လူသားအသိုင်းအဝိုင်းထဲမှာ အုပ်စုဖွဲ့ အနိုင်ကျင့်တာကို လက်ခံနိုင်ခြင်း မရှိတော့ပါဘူး။ ယဉ်ကျေးတဲ့ လူသားတွေကလည်း ဒီဖြစ်ရပ်မျိုးကို လက်မခံကြပါဘူး။ အထက်တန်းကျောင်း ဆိုတဲ့ အမည်နာမအောက်မှာ ဒီလို အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်လာတာ လူသားယဉ်ကျေးမှု ပျောက်ဆုံးနေတယ်လို့ ဆိုရမှာပါ။ ပုံစံတူဖြစ်ရပ်တွေလည်း တောင်ကြီးမြို့ပေါ် စာသင်ကျောင်း တချို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြို့ပေါ်နေ ပြည်သူတွေဆီက ကြားသိနေရပါသေးတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတာ အခြေခံပညာကျောင်းတွေမှာ ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်ပါ။

လတ်တလော ဖြစ်ပွားတဲ့ ဖြစ်ရပ်မျိုးကတော့ ဆောင်ပုဒ်ကို အားနာဖို့ ကောင်းနေပါကြောင်းနဲ့ စစ်ကျွန်ပညာရေး အသက်ဝင်နေပြီလားလို့ မေးခွန်း ထုတ်လိုက်ပါရစေ။ 

Journal Download

Photo of three cats