.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာနေ အသက် ၂၂ အရွယ် အမျိုးသမီးငယ်အား PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်တစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့မှုနှင့် ပတ်သက်၍ ရှုတ်ချကြောင်း ပအိုဝ်းအမျိုးသား နိုင်ငံရေးအတိုင်ပင်ခံကော်မတီက ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။
.
.ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာနေ အသက် ၂၂ နှစ်အရွယ် နန်းခမ်းအွမ်အား ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က တစ်ရပ်ကွက်တည်းနေ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင် ထွက်ကောဝိဒမှ ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပစ်ခတ်မှုကြောင့် နန်းခမ်းအွမ် ဦးခေါင်းအား ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် နန်းခမ်းအွမ်ကို တောင်ကြီးမြို့၊ စစ်ဆေးရုံသို့
ကနဦးပို့ဆောင်ကာ ကျည်ဆံထုတ်ယူပြီးနောက် တောင်ကြီးမြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ကာ ကုသမှု ခံယူစေခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကာ သေဆုံးသူ၏
ရုပ်အလောင်းအား နေအိမ်သို့သယ်ဆောင်ရန် မိဘများက တောင်းဆိုခဲ့သော်လည်း PNA မှ သယ်ဆောင်ခွင့်မပြုဘဲ တောင်ကြီးမြို့ရှိ တိုင်းရင်းသားပေါင်းစုံသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ နန်းခမ်းအွမ် သေဆုံးမှုနှင့် ပတ်သက်၍ ဆိုက်ခေါဝ်ဒေသခံပြည်သူများနှင့် မိသားစုဝင်များက ရဲစခန်းတွင် အမှုတိုင်တန်းထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်းနှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင် ထွက်ကောဝိသည် လက်နက်အားကိုးကာ အပြစ်မဲ့ ပြည်သူအား ပစ်သတ်ခဲ့မှုအပေါ် သက်သေများ ဖျောက်ဖျက်ကာ မိသားစုသဘောဆန္ဒမပါပဲ တောင်ကြီးမြို့တွင်သာ သင်္ဂြိုဟ်စေခဲ့သည့် လုပ်ရပ်နှင့် ကျုးလွန်သူ ထွက်ကောဝိဒအား တစ်စုံတရာ အပြစ်ပေးအရေးယူခြင်း မလုပ်ဘဲ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေးနေသည့် PNA ၏ လုပ်ရပ်အပေါ် ပအိုဝ်းအမျိုးသားနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်
အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသ တွင် PNO/ PNA မှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှိပ်စက်ခြင်း၊
သတ်ဖြတ် ခြင်းနှင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများ
ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် လျက်ရှိပြီး ကျုးလွန်သူများကိုလည်း ပြစ်ဒဏ် ပေးခြင်းမှ
ကင်းလွတ်ခွင့်ပေးလျက်ရှိကြောင်း၊ PNO/PNA မှ
ပအိုဝ်းမိဘပြည်သူများထံ အတင်းအဓမ္မ ငွေကြေး ကောက်ခံခြင်း၊ အတင်းအဓမ္မ
စစ်သားစစ်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိရာ ဤသို့ ရက်စက်ကြမ်းကြုတ်သည့်
ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဆက်လက်ကျုးလွန်ခွင့်ပေးခြင်းသည်
ပအိုဝ်းပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို လွန်စွာခြိမ်းခြောက်သည့်
လုပ်ရပ်များဖြစ်ကြောင်း ဖော်ပြထားသည်။
.
“ကျွန်မတို့ဒေသမှာက ဒီလိုကိစ္စမျိုးတွေဖြစ်ရင်
ဖိအားပေးတာမျိုးဖြစ်ဖြစ်၊ ငွေကြေးနဲ့ဖြစ်ဖြစ် ဖြေရှင်းလိုက်တာ များတယ်။ပြစ်မှုကျူးလွန်တဲ့လူကို
ထိထိရောက်ရောက် အရေးယူတာမျိုး မရှိဘူး။ ပအိုဝ်းပြည်သူတွေက ကိုယ့်လူမျိုးချင်းတောင်
အနှိမ်ခံရသလိုမျိုးဖြစ်နေတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
.
ထို့ကြောင့် နန်းခမ်းအွမ်ကို ပစ်သတ်ခဲ့သည့်
ထွက်ကောဝိဒအား ၎င်းကျုးလွန်ခဲ့သည့် လုပ်ရပ်အပေါ် တာဝန်ယူမှု တာဝန်ခံမှုများရှိရန်
ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရန်နှင့်
ကျုးလွန်ခံရသူမိသားစု၏ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားနိုင်ငံရေးအတိုင်ပင်ခံ
ကော်မတီက လေးနက်စွာ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.