ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ၌ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် ထွက်ကောဝိဒ က စိတ်ဆိုးပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၂၂ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦး၏ လည်ပင်းကို ကျည် ထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေ ရှိနေကြောင်း သိရသည်။
.
ဆိုက်ခေါင်ဒေသ ရိုးရာ (လူးဖုဲင်) မီးလုံးပွဲ အပြီး ဇွန်လ ၁၄ ရက်၊ ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် သီရိရပ်ကွက်ရှိ အောင်ဆန်း ဆိုသူက အခြားရွာသားများနှင့် ခိုက်ရန် ဖြစ်ပွားစဉ် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ထွက်ကောဝိဒ က ဆဲဆိုသည်ကို အောင်ဆန်းက ပြန်လည် ပြောဆိုခြင်းကြောင့် ကောဝိဒက စိတ်ဆိုးပြီး သေနတ်ဖြင့် ပစ်ခတ်ရာ အောင်ဆန်းကို မထိဘဲ သီရိရပ်ကွက်နေထိုင်သူ အမျိုးသမီး၏ လည်ပင်းတည့်တည့်ကို ကျည် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
" အသက်၂၁ /၂၂ အရွယ် အပျိုပေါ့နော်။ အဲ့ကောင်မလေးက သူ့ အစ်မဆိုင်ကို သွားနေတဲ့အချိန် ကျည်ဆံက ကောင်မလေးကို ထိရော။ ထွက်ကောဝိဒက သူ့အိမ်ထဲ ပြေးဝင်သွားတယ်။ သူ့အိမ်က သား/သမီး ရှိတယ်၊ သူ့ဇနီး ရှိတယ်။ လာမကြည့်ပေးကြဘူး။ အိမ်ပြင်တောင် မထွက်တော့တာ။ သူက ကြောက်သွားတာလည်း ဖြစ်မယ်၊ နောက် သူများက သူ့ကို ပြန်ပစ်မှာကိုပေါ့နော်၊ ကျည်ထိတဲ့ကောင်မလေးက သေလား၊ ရှင်လား မသိရသေးဘူး၊ ခုတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ" ဟု
ဆိုက်ခေါင်၊ သီရိရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ခမ်းသားငေါဝ်းသို့ ပြောဆိုသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ PNO ဘက်က တရားမျှတမှု ရရှိအောင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိအောင် ဆောင်ရွယ်ပေးစေလိုကြောင်း၊ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ထွက်ကောဝိဒ သည် ဒေသတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများ ဖြစ်သည့် ခိုးခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားလျှင် ဖမ်းဆီးပေးသော်လည်း ပိုက်ဆံ တောင်းကာ ပြန်လွှတ်ကြောင်းနှင့် အပြစ်မဲ့ပြည်သူများကို သေနတ်ဖြင့် ပစ်ရလောက်အောင် မလုပ်သင့်ကြောင်းကိုလည်း အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
.
PNO ပြည်သူစစ် ဦးစီးချုပ် ခွန်မြင့်အောင်ကမူ "ဒီအကြောင်းကို ကျွန်တော် ကောင်းကောင်း မသိရသေးဘူး။ ကျွန်တော်က တောဘက် ရောက်နေတာ ၊အဲ့ဒီကိစ္စ တကယ် ဖြစ်ပွားခဲ့မယ် ဆိုရင်လည်း PNO အနေနဲ့က တရားဥပဒေ ရှိပါတယ်။ ခုက သေချာ မသိရသေးဘူး" ဟု ဆိုသည်။
.
PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ထွက်ကောဝိ သည် စစ်တပ် အာဏာသိမ်းပြီးနောက် တိမ်းရှောင်နေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခွန်ဗွာထိုသွေးကို ဖမ်းဆီးပြီး အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်သို့ ပို့ဆောင်ပေးခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။
.
အလားတူ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်တွင်လည်း ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ မဲဟဲဘုန်းကြီးကျောင်းတွင် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဦးဖွားက ကိုရင်ဝတ်မည့် ကလေး ၂ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးပြီး တစ်ဦးကို သိန်း ၈၀ နစ်နာကြေး ပေးကာ ကျေအေးခဲ့ကြောင်း သိရသည်။
.
[ ဖော်ပြပါ သတင်းသည် The People's Voice - ခမ်းသားငေါဝ်း ၏ သတင်း ဖြစ်ပြီး Kanbawza Tai News နှင့် The People's Voice တို့သည် MASS အဖွဲ့ဝင် မဟာမိတ် သတင်းမီဒီယာများ ဖြစ်သည်။]