ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူကို ပြဌာန်းထားရှိရေး နိုင်ငံရေးရည်မှန်းချက် ထားရှိကြောင်း PNLO ဒုဥက္ကဋ္ဌ (၁) ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူကို ပြဌာန်းထားရှိရေး နိုင်ငံရေးရည်မှန်းချက် ထားရှိကြောင်း PNLO ဒုဥက္ကဋ္ဌ (၁) ပြောကြား

.

ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူကို ပြဌာန်းထားရှိရေးအပါအဝင် အချက် ၄ ချက်ကို ပအိုဝ်းအမျိုးသားများ၏ နိုင်ငံရေး ရည်မှန်ချက်အဖြစ် ထားရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ (၁) ခွန်ထွန်းတင်က ပြောဆိုခဲ့သည်ဟု သိရသည်။
.

.
စစ်ကောင်စီမှ ဦးဆောင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် ခွန်ထွန်းတင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
အနာဂတ်မြန်မာနိုင်ငံတော်ကြီးတွင် မိမိတို့ ပအိုဝ်းအမျိုးသားများအနေဖြင့် မျှော်မှန်းသည့် နိုင်ငံရေး ရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ပြည်နယ်များတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းကျင့်သုံးပိုင်ခွင့် ထားရှိရေး၊ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူကို ပြဌာန်းထားရှိရေး တို့ဖြစ်ကြောင်း ခွန်းထွန်းတင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
PNLO အနေဖြင့် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် အားလုံးပါဝင် သော တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်မှုမှသာ ပြဿနာကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရေးမူကို အစဉ်ကိုင်စွဲထားပါကြောင်း၊ စစ်မက် ဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူ ပြည်သား များ၏ အသက်အိုးအိမ်၊ စည်းစိမ်အကျိုးများကို ရှေးရှု၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆောလျင်စွာ ကူညီပံ့ပေးပါရန် တိုက်တွန်းကြောင်း ခွန်ထွန်းတင်က တင်ပြပြောဆိုခဲ့သည်ဟု PNLO က ယနေ့ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
ထို့အပြင် PNLO ဒေသအတွင်း ငြိမ်းချမ်းရေးအထောက်အကူပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ချိတ်ဆက် အကောင်အထည်ဖော်နေပါသော်လည်း လိုအပ်မှုများစွာ ရှိနေကြောင်း၊ ငြိမ်းချမ်းရေး၏ အသီး အပွင့်ကို ဒေသနေပြည်သူများ လက်တွေ့ကျကျ ခံစားစေလိုပါကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးအထောက်အကူပြု၊ လူထုအကျိုးပြု ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ပညာရေး၊ လမ်းပန်း၊ တံတား၊ ဆေးရုံနှင့် လျှပ်စစ်မီး ရရှိရေး စသည်တို့ကို ပံ့ပိုးကူညီပေးနိုင်ရန် အဆိုပြုလိုကြောင်း၊ ပအိုဝ်းလူမျိုးများသည် ပြည်ထောင်စု၏ အဝန်းအဝိုင်းတွင် အခြားသော တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ ထာဝစဉ်အတူယှဉ်တွဲ နေထိုင်လိုပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတွင် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းတည်ဆောက်သွားရန် ဆန္ဒရှိကြောင်း၊ ပအိုဝ်းလူမျိုးများသည် အခြားတိုင်းရင်းသားများ နည်းတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိပြီး သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်လိုသည့် ဆန္ဒရှိပါကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု သိရသည်။
.
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခွန်ထွန်းတင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ စစ်ကောင်စီနှင့် ၃ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
.
စစ်ကောင်စီဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုမှ ကိုယ်စားလှယ်အဖွဲ့များသည် နေပြည်တော်တွင် စစ်ကောင်စီနှင့် တစ်ဖွဲ့စီ ဆွေးနွေးနေခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၁၉ ရက်တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats