ပြည်တွင်း ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းရေးကိုသာ လိုလားကြောင်း PNLO တာဝန်ရှိသူ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်တွင်း ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းရေးကိုသာ လိုလားကြောင်း PNLO တာဝန်ရှိသူ ပြော

လက်ရှိ ပြည်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ သက်ဆိုင်သူ အားလုံး ပါဝင်ဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေးကိုသာ လိုလားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တာဝန်ရှိသူက ပြောဆိုခဲ့သည်။

.

PNLO ၏ တတိယအကြိမ် ဗဟိုညီလာခံကို ကဒူးကြီးဒေသရှိ ဌာနချုပ်တွင် မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ၃ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့သစ်ကို ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ကာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့သစ်၏ မူဝါဒများနှင့် ပတ်သက်၍ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး ခွန်မင်းသိမ်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.


“ အသစ်ရွေးချယ် တင်မြှောက်လိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ အနေနဲ့ လက်ရှိ ပြည်တွင်း ပဋိပက္ခကို သက်ဆိုင်တဲ့ State Holder အားလုံး ပါဝင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းရေးကိုသာ လိုလားပါတယ်” ဟု ခွန်မင်းသိမ်းက ပြောသည်။

.

အဆိုပါ အသစ် ရွေးချယ် တင်မြှောက်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် ခွန်သူရိန်ကို ထပ်မံရွေးချယ်တင်မြှောက်ခဲ့ပြီး ယခင် ဒုဥက္ကဋ္ဌဖြစ်သူ ခွန်မြင့်ထွန်းမှာ ရွေးကောက်ပွဲ ရလဒ်အရ သော်လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒအရ သော်လည်းကောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ပြန်လည် ပါဝင်ခြင်း မရှိတော့ကြောင်း ၎င်းထံမှ သိရသည်။

.

PNLO ၏ တတိယအကြိမ် ဗဟိုညီလာခံသို့ ညီလာခံကိုယ်စားလှယ်များ၊ အထူး ဖိတ်ကြားထားသူများ စုစုပေါင်း ၁၄၅ ဦး တက်ရောက်ခဲ့ပြီး ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး အပါအဝင် ဗဟိုကော်မတီဝင် ၁၉ ဦးကို ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

.

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် အခြေစိုက်သည့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ကာ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမည့် အဖွဲ့လည်း ဖြစ်သည်။

Journal Download

Photo of three cats