စစ်ကောင်စီသည် တော်လှန်ရေးကို ပုံဖျက်သည့် သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိနေ ဟု NUG ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီသည် တော်လှန်ရေးကို ပုံဖျက်သည့် သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိနေ ဟု NUG ထုတ်ပြန်

.

စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ အစုအဖွဲ့များက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတုသတင်းယောင်၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ယနေ့ ဇွန်လ ၃၀ ရက်တွင် (၁၃/၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.


.

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် NUCC နှင့် NUG ကို မထောက်ခံသူများအား လုပ်ကြံသတ်ဖြတ်မည် ဆိုသည့် အမည်စာရင်းများ ထွက်ပေါ်လာပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရက ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ပြန် လာခြင်း ဖြစ်သည်။

.

ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းရေး အတွက် အားသွန်ကြိုးပမ်းလျက်ရှိသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားညီနောင် မဟာမိတ်တို့၏ နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာသည်နှင့်အမျှ ယင်းကဲ့သို့ သတင်းမှားများကို ရည်ရွယ်ချက် ရှိရှိ ထုတ်လုပ်ဖြန့်ချိနေခြင်းဖြစ်ကြောင်းနှင့် ထိုသို့သော သတင်းတုသတင်းယောင်၊ သတင်းမှားများထဲတွင် NUG အနေဖြင့် အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့အား အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကို လုပ်ကြံဖန်တီး၍ ဖြန့်ချိနေသော သတင်းမှားတစ်ခုလည်း ပါဝင်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

NUG အစိုးရ အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အကြောက်တရား သွတ်သွင်း၍ လူ့အဖွဲ့အစည်းကို မလုံခြုံမှုများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်စစ်အာဏာရှင် ခေါင်းဆောင်များသည်သာလျှင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသား လုံခြုံရေးအတွက် ဘုံရန်သူအဖြစ် သတ်မှတ်ကာ အမြစ်ပြတ် တွန်းလှန်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေး အမြင်မတူကွဲပြားမှုများအား လေးစားတန်ဖိုးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခု သတင်းမှားတွင် ပါဝင်သည့် လုပ်ရပ်မျိုးမှာ NUG မူဝါဒလုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ရပ်ဖြစ်သောကြောင့် မည်သည့် နည်းနှင့်မျှ ဆောင်ရွက်မည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

.

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ယင်းကဲ့သို့ ပုံစံတူ သတင်းမှားမျိုးကို လူပုဂ္ဂိုလ်အချို့က လုပ်ကြံဖန်တီး၍ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပေးပို့ခဲ့ဖူးကြောင်း သိရသည်။

.

Journal Download

Photo of three cats