.
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံရသူများအားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျက် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့ ဇွန်လ ၂၉ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
မြန်မာ့နိုင်ငံရေးသမိုင်းတွင် စစ်အာဏာရှင်အဆက်ဆက်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် ပြည်သူများအား နည်းလမ်းပေါင်းစုံဖြင့် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အသက်အိုးအိမ်စည်းစိမ်များကို ထိပါးဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့ကြသလို ယခုလက်ရှိ စစ်ကောင်စီသည်လည်း ပိုမိုဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများစွာကို ဆင်ခြင်တုံ့တရား ကင်းမဲ့စွာ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးကြိုးပမ်း ဆောင်ရွက်နေကြသူများ၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားကြသူများအားလုံးနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ပြီး အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိကြောင်း ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စွဲဆိုခံထားရသည့်အမှုများအနက် လက်ရှိတွင် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရပြီး ကျန်အမှုများအတွက် တရားရင်ဆိုင်နေရဆဲဖြစ်ကာ ဇွန်လ ၂၂ ရက်တွင် နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦတစ်ခု၌ ချုပ်နှောင်ခံထားရကြောင်း သိရသည်။
.
ယမန်နေ့ ဇွန်လ ၂၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် Prak Sokhonn ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်တွင် မထားရှိရန် ၎င်း၏ခရီးစဉ် မစတင်မီကပင် တောင်းဆိုထားသည်။
.