မိုးကျရွှေကိုယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးကျရွှေကိုယ်

 

“နေဝင်း” အစ “သန်းရွှေ” အလယ် “မင်းအောင်လှိုင်” အဆုံး (အဆုံး ဖြစ်ပါစေ)။

စစ်အာဏာရှင် ခေတ်အဆက်ဆက် စကားစု တစ်ခု ရေပန်းစားခဲ့တယ်။ မြန်မာစာ လေးလုံးတွဲ စကားစုလေးတစ်ခု။ “မိုးကျရွှေကိုယ်” တဲ့။ စကားစုလေးရဲ့ စာလုံး အကျပေါက်ကို ရုတ်တရက် ကြည့်လိုက်ရင် လှသလို ရှိတယ်။ လက်တွေ့ ကျကျ ဖြစ်နေတဲ့ အကြောင်းချင်းရာတွေကတော့ စိတ်ပျက်စရာ။ တိုင်းပြည်ရဲ့ အာဏာ လူမဆန်တဲ့ လူတွေရဲ့ လက်ထဲ ရောက်သွားတဲ့ အချိန်တိုင်း မိုးကျရွှေ ကိုယ်တွေ ပေါ်လာတတ်တယ်။ ဘယ်နေရာတွ ေပေါ်လည်းဆိုတော့ ထင်သာမြင် ပြောရရင် ရုံးပြင်ကနားတွေပေါ့။ ပေါ်တာတောင် ရိုးရိုးပေါ်လာကြတာ မဟုတ်ဘူး။ မတန်မရာ အိမ်ဦးခန်း တက်ထိုင်ကြတာ။

.

တက္ကသိုလ်ကြီးတွေရဲ့ အိမ်ဦးခန်း တက်ထိုင်တယ်။ ဆေးရုံကြီးတွေရဲ့ အိမ်ဦးခန်း တက်ထိုင်တယ်။ အဲဒီတော့ သီလရှင်ကျောင်း အလှကုန်ပစ္စည်း သွားလှူသလို ဖြစ်ကုန်ရော။ သင့်တော်၏ မသင့်တော်၏။ ဖြစ်သင့်တာလား။ ဖြစ်သင့်ရဲလား စဉ်းစားတတ်တဲ့ပုံ မပေါ်ဘူး။ အဲဒီမှာ စတွေ့တာက သူ့နေရာနဲ့ သူ တကယ်လုပ်တတ် ကိုင်တတ်တဲ့ လူတွေ ကြီးစွာသော ဒုက္ခနဲ့ သောက်ကျိုးနည်းအောင် ငါးပါး မှောက်ကြတာ။ စက်ချုပ် သင်လာတဲ့လူက အထပ်မြင့်တိုက် ဆောက်တဲ့နေရာ သွား ကြီးကြပ်တယ် ဆိုတာမျိုး။ ဘိလပ်မြေနဲ့ အင်္ဂတေ ဖျော်သိပ်ရမယ့်နေရာကို အပ်နဲ့ အပ်ခြည်လေး ကိုင်ထားတော့ တလွဲတွေချည်း ဖြစ်နေတော့တာ။ ဒါလည်း ခပ်တည်တည်နဲ့ ထိုင်ကြတာပဲ။

.

“ ၁၉၈၄ မှာ အလုပ် စ ၀င်တာဆိုတော့ အခုဆို လုပ်သက်ချည်း ၃၈ နှစ် ရှိပြီလို့ ပြောရမှာပေါ့။ ဒီအလုပ်ကို တကယ် ဝါသနာပါလို့ တကယ် လိုအပ်တဲ့ လူတွေကို ကူညီမယ်ဆိုတဲ့ စိတ်နဲ့ သင်ယူပြီး လုပ်ကိုင်ခဲ့တာ။ ခေတ်တွေသာ ပြောင်းလာတယ်။ အခုချိန်ထိတော့ ကိုယ်တကယ် လုပ်ချင်သလို လုပ်ခွင့် မရခဲ့ပါဘူး။ အခုချိန်ကျမှ အလုပ်က နားမယ်ဆိုတော့လည်း အသက်အရွယ်အရ ကျန်တဲ့ အလုပ်တွေ သွားလုပ်လို့ မဖြစ်နိုင်တော့ဘူး။ နှစ်ပေါင်းများစွာ ဒီလောက ထဲမှာ ကျင်လည်လာတော့ ဒီအလုပ်ပဲ လုပ်တတ်တော့တယ်။ ကြိုက်တာ မကြိုက်တာထက် မချစ်သော်လည်း အောင့်ကာ နမ်း ရတယ်လို့ပဲ ပြောရတော့မှာပေါ့။” လို့ အရပ်ဘက် ဌာနဆိုင်ရာ အရာရှိ တစ်ယောက်က ညည်းတွားတယ်။

.

ပညာရှင်နဲ့ ကျွမ်းကျင်သူတွေရဲ့ အဆုံးအဖြတ် အဓိက မကျဘူး။ အပေါ်က ရောက်လာမယ့် စာအိတ် တစ်လုံးက အခရာ။

အကြောင်းရင်းကတော့ သူ တာဝန်ကျတဲ့ နယ်မြိုလေးက ရုံးခန်းမှာ ဌာနပညာ တစ်လုံးမှ သင်လာခြင်း မရှိဘဲ အိမ်ဦးခန်း တက်ထိုင်နေတဲ့ မိုးကျရွှေကိုယ် ကြောင့်။ တကယ်တတ်သိ နားလည်တဲ့ ပညာရှင်တွေက အမှန်တကယ် လုပ်ကိုင်ခွင့် ပျောက်ဆုံးနေတယ်လို့ ဆိုတယ်။ လုပ်ငန်း တစ်ခု ဆောင်ရွက်တော့မယ်ဆိုရင် ပညာရှင်နဲ့ ကျွမ်းကျင်သူတွေရဲ့ အဆုံးအဖြတ် အဓိက မကျဘူး။ အပေါ်က ရောက်လာမယ့် စာအိတ် တစ်လုံးက အခရာ။ ရောက်လာတဲ့ စာအိတ်ထဲက အတိုင်း တသွေမတိမ်း လိုက် လုပ်ရုံပဲ။ ဘာမှ စောဓက တက်ခွင့် မရှိဘူး။ ခိုင်းတဲ့အတိုင်း မလုပ်နိုင်ရင် ဖြုတ်စာက အသင့်။ မတော်မရား လုပ်ပိုင်ခွင့် ရှိတဲ့ မူလတန်းကျောင်းသား တစ်ယောက်က ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးကို လားပင်စင် သွားစေဆို သွားလိုက်ရတဲ့ သဘော။

.

တစ်ခါသား ကြုံရသေးတယ်။ ရောက်လာတဲ့ စစ်ဗိုလ်ဆိုတဲ့ မောင်က အသက်သုံးဆယ်လောက်ပေါ့။ ဘာပြောလည်းဆိုတော့ ဆရာရေ ကျွန်တော် တော့ ဒီနေရာကို သွားထိုင်ဆိုလို့သာ ရောက်လာရတာ။ အမှန်ကတော့ဆရာတို့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်လုံးမှ နားမလည်ဘူး။ ကျွန်တော် တို့ သင်လာတဲ့ ဟာတွေနဲ့က အကုန် တစ်ခြားဆီပဲ။ ဖြစ်နိုင်ရင်ဆရာတို့ ကိုယ့်အလုပ်ကို လုပ်ကြပါ။ ကျွန်တော် ပြဿနာတက်မယ့်ဟာက လွဲရင် အဆင်ပြေသလို လုပ်ကြပါတဲ့။ နည်းနည်း ရင်းနှီးလာလို့ သူက ပြောတာပေါ့။ အမှန်တကယ်လည်း ဒီလောက်ခက်ခဲနက်နဲပြီး နှစ်ပေါင်းများစွာ သင်ယူလေ့လာရတဲ့ ဌာနလုပ်ငန်းတွေဆိုတာ သူတို့အနေနဲ့ ဘယ်လိုလုပ် သိနိုင်မှာတုန်း။ ကျွဲပလာတာ ကျွေးတဲ့အတိုင်း ဖြစ်နေတာပေါ့လို့ အထက်ပါ အရာရှိက ရှင်းပြတယ်။

.

နကန်းတစ်လုံးမှ တတ်သိနားလည် ခြင်း မရှိဘဲ မျက်နှာပြောင် တိုက်ပြီး အိမ်ဦးခန်း တက်ထိုင်ရဲတယ်ဆိုတာ အတော် သောက်ရှက်နည်းလို့သာ လုပ်ရဲကြတယ်လို့ ဆိုရမှာပါ။

ဌာနဆိုင်ရာ အလိုက် ပညာရပ်ဆိုတာ သူ့နေရာနဲ့ သူ ခက်ခဲပါတယ်။ တက္ကသိုလ်ကနေ ရော့အင့် ဆိုပြီးပေးလိုက်တဲ့ ဘွဲနဲ့ ချက်ချင်းလက်ငင်း လုပ်ကိုင်ဖို့ မလွယ်လှပါဘူး။ လက်တွေ့ကျကျ လေ့လာ အားကောင်းဖို့ လိုအပ်တယ်။ ဝါရင့်ပညာရှင်ကြီးတွေဆီက ယူသင့်တာ ယူနိုင်ကြရပါတယ်။ ဒါတောင် လေးငါးနှစ်လောက်နဲ့ တကယ် လုပ်နိုင်ကိုင်နိုင် အဆင့်လောက် ရောက်ဖို့ မလွယ်သေးပါဘူး။ ပညာရပ်ကို အခြေခံတဲ့ ဒီလိုနေရာတွေမှာ နကန်းတစ်လုံးမှ တတ်သိနားလည် ခြင်း မရှိဘဲ မျက်နှာပြောင် တိုက်ပြီး အိမ်ဦးခန်း တက်ထိုင်ရဲတယ်ဆိုတာ အတော် သောက်ရှက်နည်းလို့သာ လုပ်ရဲကြတယ်လို့ ဆိုရမှာပါ။ ပြောတော့ မတတ်တာမရှိ လုပ်သမျှအကုန် တလွဲတွေချည်း။

.

စစ်တက္ကသိုလ် ကျောင်းဆင်း ဆိုရင် ရှိသမျှပညာ အကုန် တတ်တဲ့လို့ ယူဆပုံ ရပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းထဲ ဆင်းပြီးရင် ဆင်းလာတာ၊ ခုဆို ဆင်းစရာ နေရာတောင် မရှိတော့ဘူး။ ဒါလည်း သူတို့ အမြင်မှန် မရသေးဘူး။ ခုဆို ဖွံ့ဖြိုးစ တိုင်းပြည်ကို အာဏာ ယစ်မူးပြီး လုယူလိုက်ကြပြန်ပြီ။ ဘုန်းကြီးကို ဝိနည်းအကြောင်းပြ ပလ္လင်ပေါ်က ဆွဲချပြီး ကျောင်းထိုင်လုပ်နေတဲ့ ကပ္ပိယလိုမျိုး ဖြစ်နေတာ။ နှိုင်းပြီး ပြောသာ ပြောရတာ ကပ္ပိယကြီးတွေကို အားနာပါရဲ့။

.

စစ်တက္ကသိုလ် ကျောင်းဆင်း ဆိုရင် ရှိသမျှပညာ အကုန် တတ်တဲ့လို့ ယူဆပုံ ရပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းထဲ ဆင်းပြီးရင် ဆင်းလာတာ၊ ခုဆို ဆင်းစရာ နေရာတောင် မရှိတော့ဘူး။

အခု နောက်ပိုင်း လူငယ်တချို့ကတော့ ကိုယ်တတ်တဲ့ ပညာရပ်အပေါ် အမှန်တကယ် လေးစားမှုနဲ့ လုပ်ကိုင်ကြတယ်။ ကိုယ့်အလုပ်ကို မှန်မှန်ကန် လုပ်ချင်ကြတယ်။ ကိုယ်တတ်တဲ့ပညာရပ်အပေါ် နကန်းတစ်လုံးမှ မတတ်တဲ့ လူတွေရဲ့ ခေါင်းပုံ ဖြတ်တာမျိုး မလိုချင်ကြဘူး။ ထိပ်တိုက် မတွေ့ချင်လို့ အလုပ်က ထွက်သွားတဲ့ လူငယ်တွေ အများကြီး ရှိလာတယ်။ CDM လုပ်သူက လုပ်ပေါ့။ တချို့လည်း မတတ်တဲ့သူနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာ လုပ်စားသူလည်း လုပ်စားကြပေါ့။ တစ်ချိန် မှာတော့ ဒူးနေရာ ဒူး တော်နေရာ တော် အဆင့်မျိုး ရောက်လာဖို့ပဲ မျှော်လင့်မိတယ်။ ဘာမှ မသိဘဲ အိမ်ဦးခန်း တက်ထိုင်တဲ့ လူတွေ၊ တစ်နည်းအားဖြင့် “မိုးကျရွှေကိုယ်” တွေ မိုးပေါ်ကနေ အကျ မကောင်းလို့ ကိုယ်ပေါ်က ရွှေတွေ မကွာကျပါစေနဲ့လို့သာ ဆုတောင်းရင်း။ ။

Journal Download

Photo of three cats