ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်မှ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်ဘက်သို့ တပ်ချိန်း ပြောင်းရန်အတွက် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ယနေ့ ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။
.
ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(Loikaw PDF) နှင့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) တို့က ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာတို့တွင် စစ်ကောင်စီတပ်အား ခုခံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒေါညေးခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာတို့တွင် ဇွန်လ ၁၀ ရက်မှ စတင်၍ ယနေ့တိုင် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်းနှင့် ဇွန်လ ၁၂ ရက်တွင် ကရင်နီပူးပေါင်းတပ်များက စီကောင်စီတပ်များ တပ်စွဲထားသည့် နေရာများအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ငယ် ၈ လက် နှင့် ခဲယမ်း အသုံးအဆောင်များကို သိမ်းဆည်းရမိထားကြောင်းလည်း KNDF က ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီတပ်များသည် ၎င်းတို့ တပ်စွဲထားသော ဒေါညေးခူရွာ၊ ထီးပေါ့ဆိုရွာတွင်းရှိ နေအိမ်များကို ဖောက်ထွင်း ဖျက်ဆီးပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းကိုလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။