ကရင်နီ (ကယား) ပြည်နယ်၊ ဘောလဲမြို့မှ ဖရူဆိုမြို့ဘက်သို့ ဦးတည် မောင်းနှင်လာသော စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၄၀ စီးပါ ထောက်ပို့ယာဥ်တန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့က နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာကြား၌ မေလ ၃၀ ရက် မှ ဇွန်လ ၂ ရက်အထိ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ဖရူဆိုမြို့နယ် တနောကလောကျေးရွာအနီး၌ စစ်ကောင်စီ ယာဥ်တန်းနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၃ ရက်၊ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ မော်တော်ယာဥ် ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး ဇွန်လ ၂ ရက် တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်မှ မော်တော်ယာဥ် ၂ စီး၊ လက်နက်ငယ် ၄ လက်၊ Anti-Drone Jammer ၁ လက်၊ လက်နက်ကြီး လက်နက်ငယ် ကျည် အချို့နှင့် မြေမြှုပ်မိုင်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNDF က ယမန်နေ့တွင် ထုတ်ပြန်သည်။
ထို့အတူ ထားလဲကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ဇွန်လ ၁ ရက်က ကြားဖြတ်တိုက်ခိုက်ခံရာ ၅ ဦး သေဆုံး၍ အများအပြားဒဏ်ရာ ရရှိခဲ့ပြီး မေလ ၃၀ ရက်မှ ၃၁ ရက်ထိ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
.
အဆိုပါ ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူနှင့် အတူ လက်နက်ကြီးများဖြင့်ပါ ထားလဲကျေးရွာနှင့် နန်းဖဲကျေးရွာ အကြားသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။