တောင်ကြီးမြို့ပေါ်ရှိ မော်တော်ယာဉ်လိုင်းဂိတ်များအား ဇူလိုင်လကုန် အပြီး ပြောင်းရွှေ့ဖယ်ရှားခိုင်းထားသော်လည်း ဂိတ်အများစုမှာ အဆင်မပြေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ မော်တော်ယာဉ်လိုင်းဂိတ်များအား ဇူလိုင်လကုန် အပြီး ပြောင်းရွှေ့ဖယ်ရှားခိုင်းထားသော်လည်း ဂိတ်အများစုမှာ အဆင်မပြေ ဟုဆို

.

တောင်ကြီးမြို့ပေါ်ရှိ အိမ်ခန်း၊ ဆိုင်ခန်းများတွင် ငှားရမ်းလုပ်ကိုင်လျက်ရှိသော မော်တော်ယာဉ်ဂိတ်များအား ဇူလိုင်လကုန်အပြီး ဖယ်ရှား‌ဆောင်ရွက်သွားရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက ယာဉ်လိုင်းဂိတ် များအား အကြောင်းကြားထားသော်လည်း ဂိတ်လိုင်းအများစုမှာ အဆင်မပြေ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.

.
“အရင် ပြည်သူ့အစိုးရလက်ထက်တုန်းကတော့ အခက်အခဲရှိရင် တင်ပြလို့ရတယ်လေ။ အခု ကတော့ မရတော့ဘူး။ ဒါဆို ဒါလုပ်ပေါ့။ မဝယ်လို့လည်းမရဘူး။ တကယ်လို့ အမိန့်အာဏာနဲ့ ရွှေ့ပြောင်းရမယ်ဆိုရင် ဂိတ်နေရာမရှိရင် ကျွန်တော်ပဲ စီးပွားပျက်မှာပါ။ အဲဒါကြောင့် အခန်းတစ်ခန်း ယူလိုက်ရတယ်။ မရှိတဲ့ကြားထဲက သွင်းခဲ့ရတာပါ။ ဆီဈေးကလည်း ခေါင်ခိုက်နေတယ်။ စားဝတ်နေရေးက ကြပ်တည်းနေတယ်။ ဟိုဟာပေးရ၊ ဒီဟာပေးရနဲ့ ဂိတ်ကြီး တွေတောင်မှ အဆင်မပြေပါဘူး။ ဂိတ်မပျက်အောင်သာ ရပ်တည်နေကြရတာပါ” ဟု တောင်ကြီးမြို့နေ မော်တော်ယာဉ် ဂိတ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။
.
စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် အဝေးပြေးယာဉ်ရပ်နား ကားကွင်း ပြောင်းရွှေ့ရေးအစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ အကြောင်းကြားခြင်းဖြစ်ပြီး ယာဉ်လိုင်းဂိတ်များ အားလုံး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အပြီး သက်ဆိုင်ရာ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ရပ်နားစခန်းများသို့ ပြောင်းရွှေ့ဖယ်ရှားပေးရမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အခြား မော်တော်ယာဉ်ဂိတ်ပိုင်ရှင် တစ်ဦးကလည်း “အမှန်တကယ် အခွန်ဆောင်ပြီး လုပ်ကိုင်နေတဲ့ ကားဂိတ်တွေကျတော့ အခန်းတော့ လိုကြတယ်။ ပိုက်ဆံ အဆင်မပြေ ကြဘူး။ ပို့ဆက်တို့၊ စည်ပင်တို့ နီးစပ်ရာ တွေနဲ့ ကော်မတီဖွဲ့လိုက်ပြီး လုပ်ကြတော့ သူတို့ ဥက္ကဋ္ဌတွေ၊ အဖွဲ့ဝင်တွေက ပိုက်ဆံရှိတဲ့သူတွေကို ရောင်းစားထား ကြတယ်။ နာမည်ခံပြီး အမြတ်ကြီးစား လုပ်နေကြတာပေါ့။ တကယ် အခွန် ဆောင်ပြီး လုပ်ငန်းလုပ်နေတဲ့သူတွေက နစ်နာတာပေါ့။ အစည်းအဝေးခေါ်လည်း သူတို့ဘာသာသူတို့ လက်သိပ်ခေါ်ပြီး စီမံကိန်းတွေချပြီး လက်သင့်ရာ လုပ်သွားကြတယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ယာဉ်လိုင်းဂိတ်များကို ပြောင်းရွှေ့ပါက ကုန်ပစ္စည်း ခေါက်တိုသယ်ယူစရိတ် ပိုမိုကုန်ကျလာမည် ဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း ဒေသခံများကလည်း ပြောဆိုလျက်ရှိသည်။
.
“ဓါတ်ဆီဈေးတွေက ဒီလောက်တက်နေရတဲ့အထဲ အခုလို တစ်ခုခုဆိုရင် အောက်ကားကွင်းအထိ ပစ္စည်းသွားယူရမယ် ဆိုရင်တော့ ပစ္စည်းပို့တဲ့ ခေါက်တိုခတွေ ပိုကုန်ကျလာမှာပါ။ နောက်ဆုံးတော့ ဈေးတင်ရောင်းနဲ့ ကုန်ဈေးနှုန်း ကြီးတဲ့ ဒဏ်ကို ပြည်သူပဲ ခံရမှာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
လက်ရှိ တောင်ကြီးမြို့ပေါ်တွင် ဂိတ်ဖွင့်လှစ်ထားသည့် မော်တော်ယာဉ်လိုင်း စုစုပေါင်း ၂၀၀ ခန့် ရှိနေပြီး အသစ် ‌ပြောင်းရွှေ့ရန် စီစဉ်ထားသည့် ယာဉ်ရပ်နားစခန်းတွင် ဂိတ်ခန်း ၄၅ ခန်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats