ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ၌ ပြည်သူ့နေအိမ်ကို အသုံးပြုပြီး တပ်စခန်း အခိုင်အမာ တည်ဆောက်ထားသော စစ်ကောင်စီတပ်ကို ဇွန်လ ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
DMO PDF ၊ KA၊ KNDF ၊ Loikaw PDF ၊ KRU ၊ အလယ်ပိုင်းတိုင်း(၁၁၀၂) နှင့် အခြားတော်လှန်ရေးတပ် အင်အားစုတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲမှာ နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီထိ ပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
ထို့အပြင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနှင့် သေးဆူလဲကျေးရွာတွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့်အပြင် ဒီးမော့ဆိုနယ်၊ မြို့မရဲစခန်းတွင်လည်း မိနစ် အနည်းငယ်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံးမှုများ ရှိပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က ထုတ်ပြန်ထားသည်။