.
တောင်ကြီးမြို့ပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ၂၂ ဘီးတွဲယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများ၏ မဆင်မခြင် မောင်းနှင်မှုများကြောင့် မြို့နေပြည်သူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးအတွက် သတိထား သွားလာ မောင်းနှင်နေရသည်ဟု သိရသည်။
.
.
ကုန်တင်ယာဉ်ကြီးများသည် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းပေါ်တွင် အဓိကသွားလာနေခြင်းဖြစ်ပြီး တစ်နေကုန် ဖြတ်သန်းမောင်းနှင်နေခြင်းဖြစ်ကာ အချို့ ယာဉ်မောင်းများအနေဖြင့် လမ်းဆုံလမ်းခွများတွင် အရှိန်လျှော့ မောင်းနှင်ခြင်းမရှိသည့်အတွက် ယာဉ်တိုက်မှုအန္တရယ်ကို နေ့စဉ် စိုးရိမ်နေရကြောင်းမြို့ပေါ်နေပြည်သူများ ပြောဆိုကြသည်။
“ကားကြီးတွေက မြို့ထဲကို တစ်နေကုန်ဖြတ်မောင်းနေကြတာ။ တချို့တွဲကားကြီးတွေဆို လမ်းဆုံလမ်းခွ ရောက်တာ တောင် အရှိန်မလျော့ကြဘူး။ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ မီးပွိုင့်တွေကလည်း တစ်ခုမှ အလုပ်မလုပ်တော့ ယာဉ်တိုက်မှုဖြစ်မှာ တော်တော်စိုးရိမ်နေရတယ်။ မီးပွိုင့်လည်းမရှိ၊ ထိန်းမယ့်လူလည်း မရှိတော့ သူတို့မောင်းချင် သလိုကို မောင်းနေကြတာပါပဲ” ဟု တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းဘေးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် နေ့စဉ် တွဲယာဉ်နှင့် ကုန်တင်ကားကြီး အစီးရေ ရာချီဖြတ်သန်းနေပြီး ညနေပိုင်းအချိန်တွင် သွားလာမှုပိုများသည့်အတွက် ပြည်သူများအနေဖြင့် သတိပြုသွားလာရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုလျက် ရှိသည်။
.
မြို့တော်တောင်ကြီးသည် မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး-နမ့်စန်-ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စု လမ်းမကြီးလမ်းပေါ်တွင် တည်ရှိပြီး မြို့ပေါ်တွင် အဓိကအားဖြင့် အရှေ့မြို့ပတ်လမ်း၊ အနောက် မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း) ဟူသည့် အဓိက လမ်းမကြီး ၃ ခု ရှိသည့်အနက် အနောက် မြို့ပတ်လမ်းသည် ယာဉ်ဖြတ်သန်းသွားလာမှု အများဆုံးဖြစ်ကာ ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွား တတ်လေ့ရှိကြောင်း သိရသည်။
.