နွေဦးတော်လှန်ရေးနှင့် လူမျိုးစုံ လူထုကြီးကို လှည့်စား၍ ဖိနှိပ် ချေမှုန်းရန် ကြံစည်နေမှုအား ဘက်ပေါင်းစုံမှ ဖွင့်ချ ဖော်ထုတ်ပြီး စစ်ကောင်စီက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို နည်းသဏ္ဍာန် ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယနေ့ဇွန်လ ၁၀ ရက်တွင် သဘောထား ထုတ်ပြန် ကြေညာခဲ့သည်။
.
အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး ပြင်ဆင်မှုအချို့ကို စတင်ပြုလုပ်နေပြီ ဖြစ်ရာ တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီကို အသိအမှတ် မပြုရုံမက ၎င်းတို့ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းက ကမကထ ပြု၍ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ် ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထု တရပ်လုံးကို ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ အောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှု တရပ်သာ ဖြစ်ကြောင်းကိုလည်း ထောက်ပြထားသည်။
.
၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင်ဖျက်ဆီး၍ အင်အားစု အသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ သွေးစည်း ညီညွတ်ရေး လျော့လျဲသွားစေရန်နှင့် ယနေ့ စစ်ကောင်စီရင်ဆိုင်နေရသည့် အကြပ်အတည်းပေါင်းစုံမှ ရုန်းထွက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ရှုမြင်ကြောင်းကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။