ကျန်းမာရေး ကောင်းစဉ်က မြေး ၂ ယောက်အတွက် ကျောင်းစရိတ် ငွေ ၆ သိန်း ပေးထားခဲ့တယ်။၂၀၁၅ ခုနှစ်က လေဖြတ် ပြီး အိပ်ရာထဲမှာ လဲနေခဲ့တာ တပည့်များ သိသိချင်း အိမ်ကို အုပ်စုလိုက် ရောက်လာပြီး ငွေ ၃၅ သိန်းနဲ့ နေရာကျဉ်းလို့ ကုတင် ပတ်လည်မှာ မတ်တပ်ရပ်ပြီး ကန်တော့ခဲ့ကြရတယ်။ သူတို့ငွေနဲ့ ဆေးရုံတက်ပြီး ကုသလိုက်တာ လမ်းလျှောက်နိုင်တဲ့အထိ သက်သာ ကျန်းမာလာခဲ့တယ်။ တပည့်များ အားလုံး ဘဝခရီးမှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး သာယာချမ်းမြေ့ကြပါစေလို့ အမြဲ ဆုတောင်းပေးနေပါတယ်။ ရှာမှ ရှားတဲ့ စံပြတပည့်တွေပါပဲ။ သားသမီးများရဲ့ ထောက်ပံ့ငွေ မရခဲ့ပါ။ ဆေးရုံကိုလည်း တစ်ခါမှ မလာကြပါ။ အိမ်နီးချင်းတွေသာ လာရောက်ပြီး အားပေးကြတယ်။ မိန်းမ လူနာခန်းမှာ သားကြီး တစ်ဦးတည်းသာ ယောင်္ကျားလေး လူနာစောင့် ရှိပြီး အသက် ၈၀ ကျော် အမေအိုကြီးကို မငြီးမငြူဘဲ ပြုစုပေးနေတာ တွေ့တဲ့ လူတိုင်းက အံ့သြ ချီးကျူးကြတယ်။ ခွဲစိတ်ခန်းထဲ ဝင်တဲ့အခါ အိမ်နီးချင်း မမီးတို့ စုံတွဲက အစ အဆုံး ပြီးတဲ့အထိ အပြင်ဘက်မှာ စောင့်ပေးနေကြတယ်။ ကျေးဇူးတင်လို့ မဆုံးတော့ပါဘူး။ တပည့်တွေပေးထားတဲ့ မုန့်တွေကို ကုသိုလ်ရအောင် အခန်းထဲက လူနာစောင့်တွေနဲ့ လူနာတွေကို ဝေငှပေးလိုက်ပါတယ်။
.
ဆေးရုံက ဆင်းပြီး အိမ်မှာ အနားယူချိန်မှာ
အိမ်ကို လာပြီး ဘာသဘောနဲ့ ဘာရည်ရွယ်ချက်နဲ့ ပြုစုနေတဲ့ သားကြီးကို လူစိတ် မရှိဘဲ နာကျင်အောင်
လုပ်ရတာလဲ။ လူစိမ်းတောင် ဒုက္ခိတ အဘွားအိုကြီး စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်မှာ မဟုတ်ဘူး။
အိပ်ယာထဲကနေ အော်ဟစ်ပြီး အိမ်နီးနားချင်းတွေကို အကူအညီ တောင်းရတယ်။ မမီးတို့ အိမ်မှာ
သားကြီးနဲ့ နှစ်ယောက်အတူ သွားနေပြီး ရန်ရှောင်နေခဲ့ရတယ်။ လူစိတ် မရှိသူက “အဲဒီနှစ်ယောက်ကို
ခေါ်ထားရင် တစ်လကို ၅၀၀၀၀ ပေးမယ် ” လို့ အိမ်နောက်ကနေ မမီးတို့ ကြားအောင် အရှက်မရှိ
အော်ဟစ်ပြီး ပြောခဲ့တယ်။ သူ ပြန်သွားမှ သားကြီးက အမေကို ကျောပိုးပြီး ကိုယ် ပိုင်ဆိုင်တဲ့
အိမ်ကို ပြန်ခဲ့ရတယ်။ သားကြီး နာကျင်သလိုမျိုး ၊ အမေအိုကြီး သားအတွက် အသည်းတွေ တစ်စစီ
ကြွေသလို ခံစားရတာမျိုး မခံစားရပါစေနဲ့။ တူသောအကျိုး မပေးပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။
.
တပည့်တိုရေ ဆရာမကတော့ ဘဝနေဝင်ချိန်မှာ
ပင်စင်လစာလေးကိုပဲ အားကိုးပြီး ဘ၀ကို အဆုံးသတ်သွားပါတော့မယ်။ ၅ နှစ် လုံးလုံး အမေအိုကြီးကို
ပြုစုခဲ့တဲ့ သားကြီးတစ်ယောက်တော့ ကောင်းရာဘုံဘဝကို ရောက်မှာမို့ အမေ စိတ်အေးရပါပြီ။
.
.
သမီးကြီးရဲ့ အိမ်ထောင်ဖက် (သားမက်)
က စစ်တပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ လူ တစ်ယောက်။ ရာထူးကြီး အဆင့်တစ်ခုနဲ့ တစ်မြိုတစ်ရွာ
ရောက်နေတယ်။ အချိန်အားရင် မကြာခဏ ပြန်လာတတ်တယ်။ သူ ပြန်လာတဲ့အချိန်ဟာ သာယာ ချမ်းမြေ့နေတဲ့
ဒုက္ခိတ အမယ်အိုရဲ့ အိမ်အတွက်တော့ လောက ငရဲပွက်တဲ့ အချိန်။ ဒုက္ခိတအမယ်အိုကို ပြုစုစောင့်ရှောက်ခြင်း
မရှိတဲ့အပြင် ပြဿနာပေါင်းစုံ ရှာပြီး ရန်ပြုရန်စောင်တာတွေ လုပ်တယ်။ အမယ်အိုရဲ့ သား
၂ ယောက်က သူ လက်သီးထိုးတဲ့ ဖွဲအိတ်တွေ။ သူတစ်ပါးအိမ် တက်နေတာတောင် လူစိတ်မရှိတဲ့ လူစားမျိုး
ဆိုရမလား။
.
တစ်ခုသော နေ့ရက်က အမယ်အိုရဲ့ သားမက်ဖြစ်သူ
အိမ်ပြန်ရောက်တယ်။ အမယ်အိုအတွက်တော့ ကိုယ်ပိုင်ဆိုင်တဲ့အိမ်မှာ နေစရာမရှိတဲ့ နေ့ တစ်ခု။
ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို လူမဆန်တဲ့ ဗုံးဆံတစ်ခု ကျရောက်တဲ့နေ့။ ပြဿနာကို မီးခွက်
ထွန်းရှာတဲ့လူက အကြောင်းမရှိ အကြောင်းရှာပြီး အမယ်အိုကို ပြုစုနေတဲ့ သားအကြီးကို ကန်ကျောက်ထိုးကြိတ်တာတွေ
လုပ်တယ်။ တစ်ကြိမ်တစ်ခါ မဟုတ်ဘဲ မကြာခဏ ဆိုသလို နိုင်ထက်စီးနင်းတာတွေ လုပ်တတ်တယ်။ အကြိမ်ရေ
များလာတော့ သားအကြီးရဲ့ ခန္ဓာကိုယ်က အတွင်းကြေ။ သိပ်မကြာခင်မှာပဲ သူချစ်တဲ့ အမယ်အိုကို
ထားခဲ့ပြီး လောကကြီးထဲကနေ အတွင်းကြေဒဏ်ရာနဲ့ ထွက်သွားခဲ့တယ်။
.
အမယ်အိုရဲ့ သက်တမ်းက မီးစာကုန်ဆီခန်းတဲ့
အရွယ်။ ငွေ့ငွေ့သာ ကျန်တော့တဲ့ အချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားချင်တယ်။ ဒါ
ပေမယ့် အမယ်အို မအေးချမ်းနိုင်သေးဘူး။ ဒီလို လူတွေရဲ့ စိတ်ဓာတ်ဟာ ဒီလိုပါလားလို့ တွေးရင်း
အမယ်အိုရဲ့ လက်ကျန်နေ့ရက်တွေက ပူလောင်နေတုန်းပဲ။ ဒီလို လူတွေရဲ့ စိတ်ဓာတ်ဟာ မိသားစုဝင်
အရင်းတွေအတွက်တောင် အေးချမ်းမှု မပေးနိုင်တာ၊ ကျန်တဲ့လူတွေအတွက် ဆိုတာ အဝေးကြီးပေါ့။
အမယ်အိုဟာ လေတစ်ခြမ်း ဖြတ်ထားတဲ့ ဝေဒနာနဲ့ အိမ်ထဲက အိမ်ပြင် မရောက်ဖူးတာ အတော်ကြာခဲ့ပြီ။
သိပ်မကြာခင် သံသရာ တစ်ဖက်ကမ်း ကူးရတော့မယ်။ အမယ်အိုရဲ့ လက်လေး တစ်ဖက်က လှုပ်ရှားလို့
ရနေသေးကယ်။ တုန်ချိနေတဲ့ လက်လေးတစ်ဖက်နဲ့ အမယ်အို စာတစ်စောင် ဖွဲ့တယ်။ သူရေးတဲ့ ခေါင်းစဉ်က
ရင်ဖွင့်စာတဲ့။ အမှန်တော့ အမယ်အို ရေးတဲ့စာက ရင်နင့်စာ . . . ။ ။