ဒီရက်ပိုင်း မြို့တော်တောင်ကြီးမှာ ယာဉ်ထိန်း ရဲတွေ အလွန် အင်မတန်မှ အလုပ် ကြိုးစားနေတယ်လို့ ကြားသိရတယ်။ တစ်တပ်တစ်အား မရပ်မနား ဖိဖိစီးစီး အလုပ် လုပ်တယ်လို့ မြိုခံတွေ ပြောဆိုကြတယ် (အမှန်က တောင်းတာ)။ ၂ နှစ်လောက် ပြည်သူပေးတဲ့ လစာ ထိုင်စားရတာ ပျင်းလာလို့ အလုပ် ကြိုးစားတယ် ဆိုရမလား၊ ဒါမှမဟုတ် ခရာမှုတ်နည်း၊ လက်ဖြန့်နည်းတွေ မေ့မှာ စိုးလို့ အလုပ်တွေ ပြန်လုပ်ကြတာလားပေါ့။ လုပ်တာမှ တော်တော်ကြီး စိတ်ပါလက်ပါ လုပ်ကြတယ်ဆိုပဲ။ နေပူမရှောင် မိုးရွာမရှောင် ကိုယ်ဖိရင်ဖိ အလုပ်တွေ ကြိုးစားကြလွန်းလို ဝန်ထမ်းကောင်း ဆုတံဆိပ်တွေတောင် ကြိုတင် မှာယူထားရတော့မယ့် အတိုင်းပေါ့။ ပြန်သိမ်းရင်တော့ မတတ်နိုင်။
.
မလုပ်တုန်းကတော့ လုံး၀ အရှင်း။
မြို့တောင်ကြီးမှာ သူတို့တွေ မရှိတော့ဘူးလို့ကို ထင်နေရတာ။ ကိုဗစ်ကြီး စကတည်းကနေ ပျောက်သွားလိုက်ကြတာ
ကိုစစ်ကြီး သောက်သောက်လဲ ရူးတဲ့ထိ ဘယ်ဆီကို ရောက်ကုန်မှန်း မသိ၊ အခု ပြန်လည်းပေါ်လာရော
ဝီလ်ဆယ်အစွမ်း လက်အစွမ်းတွေ ပြလိုက်တာမြို့ပေါ် နေသူရော တောက တက်လာသူတွေပါ လက်ရည်တစ်ပြင်တည်း
ထိပါလေရောလား။ လက်တလော ထိချက် ပြင်းနေတာကတော့ မော်တော်ဆိုင်ကယ်စီးသမားတွေ။ မေ့မေ့ပျောက်ပျောက်
ခေါင်းတုံးလုံး နေလာတာ ၂ နှစ်လောက်။ အခု သတိရအောင် ယာဉ်ထိန်းတွေ ပညာပေးလိုက်တာ တစ်ခါမိ
မြန်မာကျပ်ငွေ သုံးသောင်း။
.
ကိုဗစ် ဖြစ်တည်းက ဒီအတိုင်း နေလာကြတာ
ဆိုတော့ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းဖို့ သတိမရကြတော့ဘူး။ လွှတ်တုန်းကလည်း သူတို့ မရှိတော့တဲ့အတိုင်း
လွှတ်ထားကြတာ။ အခု ရုတ်တရက်ကြီး မပြောမဆို ထဖမ်းတော့ လုပ်စားတဲ့အတိုင်းကို ဖြစ်နေတာ။
ရဲမှရဲ ဆိုသလိုပေါ့။ အရင်တုန်းက တစ်ခုခု လုပ်မယ်ဆိုရင် ပြည်သူတွေ သိအောင် လိုက်ပြီး
အသိပေးသေးတယ်။ အခုကြတော့ အသိပေးတာလည်း မရှိ။ မြို့ထဲမှာ လိုက်အောင်တာလည်း မရှိဘဲ တွေ့သမျှ
ဆိုင်ကယ် အကုန် ဖမ်းနေတာ။ ဦးထုပ် မဆောင်းလို့ကတော့ သေချာပေါက် သုံးသောင်း ဆောင်ရတယ်။
.
“ နည်းနည်းပါးပါး ကလန်ကဆန် ပြောမိရင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေပါ စစ်ပြီး မပါရင် အမှုတွေ ထပ်တိုးတယ်” လို့ တောင်ကြီးမြို့ပေါ်နေထိုင်သူ တစ်ယောက်က ပြောတယ်။
.
မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်တဲ့အချိန်
အသက်ကယ်ဦးထုပ် ဆောင်းရမယ်ဆိုတာ မှန်ပါတယ်။ စီးနင်း မောင်းနှင်သူတွေရဲ့ အန္တရာယ်ကို
အကာအကွယ် ပြုနိုင်အောင် ကြပ်မတ်ပေးတာ လက်ခံပါတယ်။ အခုလို ရုတ်တရက် အသိမပေး အကြောင်းမကြားဘဲ
လုပ်တာကတော့ အများပြည်သူ ပြောသလို လုပ်စားသလို ဖြစ်နေပြန်ပါတယ်။ တချို့ဆို မြို့ပေါ်မှာ
နေထိုင်တဲ့ လူတွေ မဟုတ်ကြပါဘူး။ လိုက်နာကြရမယ့် စည်းမျဉ်းစည်းကမ်းတွေကို နားလည်ခြင်း
မရှိကြဘူး။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ တိတိကျကျ သိဖို့ အတော်ကြီး ဝေးတဲ့ အနေအထားတွေပါ။
ဒီလို ရိုးသားတဲ့ တိုင်းရင်းသားတွေဟာလည်း အခုလို အနေအထားမှာ လုပ်စားကွက်ကြီး တစ်ခု
ဖြစ်နေပါတယ်။
.
“ အလုပ်ကိစ္စနဲ့ မြို့ပေါ် တက်လာတာ။ အရင်လည်း ဒီအတိုင်း လာနေကြပါပဲ။ ဒီတစ်ခေါက်လာတော့ မိန်းလမ်းမကြီးပေါ်မှာ မောင်းနေရင်း အဖမ်းခံရတာ။ ဘာလို့ ဖမ်းတာလည်း မေးတော့ ဆိုင်ကယ်စီး ဦးထုပ်မပါလို့ ဖမ်းတာတဲ့။ ပိုက်ဆံ သုံးသောင်း တောင်းတာတော့ တော်တော်ကြီးကို များလွန်းတယ်။ တချို့တွေကြတော့လည်း ဒီအတိုင်း သွားနေကြတာပါပဲ။ သူတို့က လူကြည့်ပြီး ဖမ်းတာ။” ဟု ကျေးလက်မှ မြို့ပေါ်သို့ ဈေး လာဝယ်စဉ် ဖမ်းဆီးခံရသူ တစ်ဦးက ပြောသည်။
.
မော်တော်ဆိုင်ကယ် စီးနင်းချိန်
အသက်ကယ် ဦးထုပ်မဆောင်းရင် ဖမ်းတာနဲ့ ပတ်သက်ပြီး အထက် အမိန့်အရ လုပ်တယ်လို့ ယာဉ်ထိန်းရဲ
တစ်ယောက်က ဆိုပါတယ်။ ဘယ်အထက်၊ ဘယ်အမိန့်နဲ့ လုပ်တယ်ဆိုတာတော့ မပြောတတ်ပါဘူး။ သေချာတာကတော့
မြို့တော် တောင်ကြီးမှာ မော်တော်ဆိုင်ကယ် စီးနင်းမယ်ဆိုရင်
မဖြစ်မနေ ဦးထုပ်ဆောင်းထားဖို့ လိုအပ်ပါတယ်။ ခေါင်းတုံးလုံးနဲ့ သွားမယ်ဆိုရင်တော့ မြန်မာငွေ
အောက်ထစ် သုံးသောင်း အိတ်ထောင်ထဲ ထည့်သွားပါ။ ကိုယ်စားမယ့် ထမင်းထဲက ပါမယ့် အရေးဆိုရင်တော့
သတိလေးပြုဖို့ လိုအပ်နေပါတယ်။ အခုလို အရာရာ ရှားပါးတဲ့ ခေတ်ကာလမှာ ကျပ်ငွေ သုံးသောင်းဆိုတာ
မလွယ်ကူကြပါဘူး။
.
လတ်တလော စူဠာမုနိဘုရား အဆင်းလမ်း၊
မြိုမဈေး အနီးတစ်ဝိုက်နဲ့ တစ်ခြားနေရာ တချို့မှာ ယာဉ်ထိန်းရဲတွေက နေ့စဉ်နေ့တိုင်း စစ်ဆေးနေပါတယ်။
ပြည်သူကို ဒုက္ခပေးတာလား၊ ငွေ လိုချင်တာလား၊ တခြားအကြောင်း ရှိလို့လား မသိပေမယ့် အဖမ်းခံရရင်
ငွေကုန်တာတော့ အမှန်ပါပဲ။ ငွေကြေးတတ်နိုင်သူများ အနေနဲ့ ယာဉ်ထိန်းတရား နာယူချင်ရင်
နေ့စဉ် သုံးသောင်း ပေးပြီး နာယူနိုင်ကြပါတယ်။ သုံးသောင်းတရား မနာယူချင်ကြရင်တော့ မော်တော်ဆိုင်ကယ်
စီးနင်းတဲ့အချိန် အသက်ကယ် ဦးထုပ်လေး ဆောင်းထားကြပါလို့ အကြံပြုလိုက်ပါရစေ။
.
ဆိုင်ကယ် စီးရင် ဆိုင်ကယ်စီး ဦးထုပ်
ဆောင်းတဲ့ အလေ့အကျင့် ရှိတာဟာ ကောင်းတဲ့ အလေ့အကျင့် ဖြစ်တဲ့ အပြင် ကိုယ့်ရဲ့ အသက်အန္တရာယ်ကိုပါ
ကာကွယ်ရာ ရောက်ပါတယ်။ အဲဒါကြောင့် အသက်အန္တရာယ်အတွက် လုံခြုံစိတ်ချရ စေဖို့နဲ့ ယာဉ်ထိန်းရဲကို
သုံးသောင်းပေးရမယ့် အရေးက လွတ်ကင်းအောင် ဆိုင်ကယ်စီး ဦးထုပ်တွေ ဆောင်းဖို့ လိုအပ်နေပါကြောင်း။
။
.