ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတနောရေထွက်ပေါက်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ယနေ့ ဇွန်လ ၃ ရက်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု KNDF တပ်ရင်း(၂)၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂)၊ တပ်ရင်း (၁၄)၊ ရှမ်းတောင် (၁၀၀၈) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
.
စစ်ကောင်စီဘက်မှ လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ်၊ လွိုင်လင်တပ်တို့မှ လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် လက်နက် အင်အား မမျှသော ပူးပေါင်းတပ်သည် ညနေပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲတွင် KNDF တပ်ရင်း(၂) မှ ၁ ဦး ကျဆုံး၍ ရှမ်းတောင် (၁၀၀၈) တပ်ရင်းမှ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း သိရသည်။
.
တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာများသည် အချိန်မရွေး တိုက်ပွဲ ပြန်လည် ဖြစ်ပွားနိုင်သည့် အပြင် ဗုံးအန္တရာယ်များ ရှိနိုင်သဖြင့် နယ်မြေရှင်းလင်းမှု မလုပ်မချင်း ပြည်သူများ သွားလာခြင်း၊ တောင်ယာစိုက်ခြင်းများ မပြုလုပ်ရန် KNDF တပ်ရင်း(၂)က မေတ္တာ ရပ်ခံထားသည်။