တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ကြားကာလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ယမန်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ယနေ့ ဇွန်လ ၇ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
.
ထိုသို့ ဖွဲ့စည်းရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အမည်များကို ကျောင်းသားထုထံ ပွင့်လင်းမြင်သာစွာ ချပြလို သော်လည်း လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် အမည် ရေးသားဖော်ပြခြင်းမပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ကြားကာလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကြားကာလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် စတင်ဖွဲ့စည်းသည့် အချိန်မှ စတင်၍ ကျောင်းသားထုမှ ပေးအပ်သည့် တာဝန်နှင့် သမိုင်းပေး တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည် ဖြစ်ပြီး သမဂ္ဂ၏ ရပ်တည်ချက်နှင့် မူဝါဒ လမ်းစဉ်များအတိုင်း သွေဖယ်မှု မရှိစေဘဲ စစ်သုံးစစ် အမြစ်ဖြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်နိုင်ငံတော် တည်ထောင်နိုင်ရေးတို့ကို မမှိတ်မသုန် ရှေးရှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကြားကာလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆိုသည်။
.
တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ဖွဲ့စည်းခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်များ၏ အမည်များအား ကျောင်းသားထုထံ အသိပေးကြေညာခဲ့ခြင်း ကြောင့် အမှုဆောင်အဖွဲ့ဝင်အချို့ ဖမ်းဝရမ်းထုတ်ခံရခြင်း၊ နေအိမ်များတွင် ရှာဖွေခံရခြင်း၊ မိသားစုဝင်များပါ တိမ်းရှောင်ရခြင်းများနှင့် နေရာပြောင်းရွှေ့ နေထိုင်ရခြင်းများ ရှိခဲ့သည့်အတွက် ယခု ပြန်လည် ဖွဲ့စည်းသည့် သမဂ္ဂအား သိုသိပ်စွာ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။