.
ခေတ်ကာလအနေအထားအရ အလုပ်အကိုင်ရှားပါးတယ်။ တချို့တွေအတွက်
သင့်တော်တဲ့အလုပ်ရဖို့ ခက်ခဲတယ်။ တချို့တွေကျတော့ အလုပ် လုပ်ချင်ပေမဲ့ ကြုံရာအလုပ်လုပ်ကိုင်ဖို့
ခက်ခဲတဲ့ အခြေအနေ။ မတတ်သာတဲ့ အနေအထားမှာ လူငယ်တချို့ နိုင်ငံရပ်ခြား ထွက်သွားကြတယ်။
ခြေလှမ်းတစ်လှမ်းတောင် မလှမ်းနိုင်တဲ့လူတွေ အတွက်တော့ မှတ်ပုံတင်ထဲက စကားလုံးလို
ကြုံရာကျပန်းဆိုရမလား။ မြို့တော်တောင်ကြီးက စီးပွားရေးမြို့တော်ကြီး မဟုတ်။ လူနေမြို့သက်သက်လို့
ပြောကြတယ်။ ကြုံရာကျပန်းဆိုတဲ့ စကားလုံးက တောင်ကြီးမြို့ အတွက် တမင်ထားခဲ့လား မပြောတတ်။သေချာတာတော့
ဒီရက်ဒီနေ့တွေက လူငယ်တွေအတွက် အလုပ်အကိုင် ရှားပါးစပြုနေတယ်။
.
.
ဘွဲ့လက်မှတ် တစ်ထပ်ကြီးကိုင်ထားသူအတွက်လည်း အလုပ်အကိုင်ရှားပါးတယ်။
သင်တန်းဆင်းထားသူ အတွက်လည်း သင့်တော်ရာအလုပ်က အဆင်သင့်မရှိ။ ဒီအခြေအနေတွေ များလာတော့
မလှူတတ်ဈေးရောင်း ဆိုတဲ့စကားလို ပညာတတ်လူငယ်တွေ ဈေးရောင်းသမားဖြစ်လာကြတယ်။ သူတို့
ဘာတွေရောင်းကြလဲဆိုတော့ ဘယ်နေရာမှ အလုပ်လျှောက်လို့မရတဲ့ လူငယ်လေးတစ်ယောက်က
ခပ်လတ်လတ်ဆိုင်ကယ်တစ်စီးနဲ့ ဟင်းရွက်စုံ ရောင်းတဲ့ဈေးသည်ဖြစ်လာတယ်။ ကျောင်းသားဘဝ ခနတာအနားယူထားတဲ့
လူငယ်က မြေပဲပြုတ်လှည်းတစ်စီးနဲ့ မြို့တော်တစ်ခွင် ခြေတိုအောင်ပတ်ပေါ့။ လက်မှုပညာ တီးမိခေါက်မိတဲ့လူငယ်တွေက
သူတို့ကျွမ်းကျင်ရာအလုပ်တွေနဲ့။
.
အလုပ်တွေတော့ သွားလျှောက်ကြည့်တယ်။ အကြောင်းအမျိုးမျိုးနဲ့
အလုပ်တွေက လက်မခံကြတာများတာပေါ့။ စားဝတ်နေရေးကလည်း ရှိတော့
ဒီအတိုင်းထိုင်နေလို့မရဘူးလေ။ သူငယ်ချင်းတစ်ယောက် အကြံပေးတာနဲ့ တစ်ပတ်ရစ်ဆိုင်ကယ် တစ်စီးဝယ်ပြီး
ဟင်းရွက်စုံလိုက်ရောင်းတယ်။ အစပိုင်းက မလုပ်တတ်တော့ အခက်အခဲဖြစ်တာပေါ့။ အခုနောက်ပိုင်းတော့
နည်းနည်းပါးပါး လုပ်တတ်ကိုင်တတ်လာတော့ စားဖို့သောက်ဖို့ လောက်တော့ ရတယ်ပြောရမှာပေါ့။
တစ်နေ့နေ့တော့ ကိုယ်နဲ့အဆင်ပြေတဲ့အလုပ်ရလာရင်တော့ ပြန်ပြောင်းပြီး လုပ်ဖြစ်မယ်ထင်ပါတယ်။
အခုကတော့ အခြေအနေမပေးတဲ့အတွက် ဟင်းရွက်စုံပဲ ဆက်ရောင်းရဦးမယ် လို့ ဘွဲ့ရလူငယ်တစ်ယောက်က
ပြောတယ်။
.
သူတို့လိုပဲ တောင်ကြီးမြို့ပေါ်မှာ ဘဝကို ပုံစံမျိုးစုံနဲ့
ကျင်လည်နေရတဲ့ လူငယ်တွေ အမြောက်အများရှိနေပါသေးတယ်။ အများစုကတော့ တောင်ကြီးမြို့ရဲ့
အဓိကကျတဲ့ လမ်းမကြီးဘေးတွေမှာပါ။ မိုးကာတဲနဲ့ ဈေးရောင်းချနေတဲ့ ဈေးသည်ဘဝနဲ့။ ကျပ်တည်းရှားပါးတဲ့
အခြေအနေတစ်ခုကြောင့် တောင်ကြီးမြို့ လမ်းမကြီးတွေဘေးမှာ ပျံကျဈေးသည်လေးတွေ များလာတယ်။
အများစုက သင့်တော်ရာအစားအသောက်ကို အခြေပြု ရောင်းချကြတယ်။ တချို့ကတော့ တတ်ကျွမ်းရာ
လက်မှုလုပ်ငန်းလေးတွေ၊လ ဆိုင်ကယ်ထိုင်ခုံကူရှင်ချုပ်တဲ့ အလုပ်လေးတွေ၊ မော်တော်ဆိုင်ကယ်
ဘီးဖာကျွတ်လဲ အစရှိတဲ့အလုပ်တွေကို ရွေ့လျားပြီး လုပ်ကိုင်တာ တွေ့လာရတယ်။
.
ဆိုင်ခန်းငှားခတွေ ဈေးကြီးတော့ အခန်းငှားပြီး မလုပ်နိုင်ဘူး။
ကိုယ့်အိမ်ထဲမှာ လုပ်ပြန်တော့လည်း အလုပ်က မလာတော့ အဆင်မပြေဘူးပေါ့။ အဲဒါကြောင့် အလုပ်လုပ်လို့ရမယ်ထင်တဲ့
နေရာတွေကို လိုက်ပြီးလုပ်ကြည့်တာပေါ့။ သိပ်အသွက်ကြီး မဟုတ်ပေမဲ့
နည်းနည်းပါးပါးတော့ လုပ်နေရပါတယ်။ ကိုယ်က ၀န်ဆောင်မှုတစ်ခုအနေနဲ့ လုပ်တာဆိုတော့ လာတဲ့လူတွေ
အဆင်ပြေအောင် သေချာလုပ်ပေးတယ်။ ဈေးနှုန်းကိုလည်း အတတ်နိုင်ဆုံး လျှော့ထားပေးပါတယ်။
ဆိုင်ခန်းငှားပြီး မလုပ်နိုင်သေးတော့ ဒီအတိုင်းပဲ အဆင်ပြေတဲ့နေရာကိုလိုက်ပြီး လုပ်နေရဦးမှာပေါ့လို့
ရွေ့လျားဆိုင်ကယ်ကူရှင်ချုပ်တဲ့ လူငယ်လေးတစ်ဦးက ပြောတယ်။
.
COVID-19 ရောဂါ ဖြစ်ပွားတဲ့ဒဏ်နဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့်
တောင်ကြီးမြို့ပေါ်မှာ အလုပ်အကိုင် အရင်ကထက် ရှားပါးလာတယ်လို့ ဆိုကြတယ်။ မြို့တွင်းလမ်းမတန်းမှာရှိတဲ့
ဈေးဆိုင်ခန်းငှားရမ်းခတွေလည်း တက်လာတယ်။ ဆိုင်ခန်းငှားပြီး လုပ်တဲ့အလုပ်အကိုင်တွေအတွက်
အခန်းခ ပြန်ရဖို့တောင် မလွယ်ဘူးလို့ပြောကြတယ်။ အရင်တုန်းကတော့
ဆိုင်ခန်းနဲ့လုပ်ကြည့်သေးတယ်။ အခန်းခပြန်ရဖို့ မလွယ်တာနဲ့ အွန်လိုင်းပေါ်တင်ပြီး
လှမ်းခေါ်တဲ့နေရာကို သွားလုပ်ပေးလိုက်တယ်။ ဆိုင်ကယ်ဘီးဖာနဲ့ ကျွတ်လဲတာအဓိကလုပ်တာပေါ့။
ဈေးနှုန်းကတော့ နေရာအနီးအဝေးပေါ်ကြည့်ပြီး အဆင်ပြေအောင် လုပ်ပေးပါတယ် လို့ လူငယ်တစ်ယောက်က
ပြောတယ်။
.
အလုပ်လုပ်ချင်သူအတွက် အလုပ်အကိုင်မရှားဘူးလို့ ဆိုကြတယ်။
လတ်တလောတော့ လူငယ်တွေအတွက် သင့်တော်ရာ အလုပ်အကိုင် ရှားပါးစပြုနေတုန်း။ အကြောင်းအမျိုးမျိုးနဲ့
လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေဆဲ။ မှတ်ပုံတင်ထဲကလို ကြုံရာကျပန်း လုပ်ကိုင်တဲ့
လူငယ်လေးတွေ တိုးပွားလာနေရတယ်။ ဒါပေမဲ့ လူငယ်ဆိုတာ အားမာန်အပြည့်ရှိတယ်။ အနာဂတ်ကို
ပုံဖော်ဖန်တီးတတ်ကြတယ်။ တစ်နေ့တစ်ချိန်မှာ ဒီလူငယ်တွေ သင့်တော်ရာကို တက်လှမ်းလာနိုင်ကြလိမ့်မယ်။
ပန်းတိုင်ရှိတဲ့ခရီးက အလှမ်းမဝေးပါဘူး။ ပန်းပွင့်တိုင်းပန်းတိုင်ကို တက်လှမ်းလိမ့်မယ်။
လတ်တလောတော့ ရွေ့လျားလုပ်ငန်းနဲ့ခရီးတွေဆက်ကြတာပေါ့။
.