.
မြို့တော် တောင်ကြီးတွင် ယခုရက်ပိုင်းအတွင်း ဈေးဆိုင်ခန်းများထံမှ တယ်လီဖုန်းနှင့် ငွေကြေး အလစ်သုတ် ခိုးယူမှု များပြားလာနေကြောင်း ဈေးဆိုင်ခန်း ပိုင်ရှင်များ၏ ပြောဆိုမှုအရ သိရသည်။
.
.
အလစ်သုတ် ခိုးယူသူများသည် ဈေးဝယ်သူ များသည့်အချိန်များကို အခွင့်ကောင်းယူ၍ ဝင်ရောက်တတ်လေ့ရှိပြီး အမှန် တကယ် ဈေးဝယ်သူများနှင့် ဆိုင်ရှင်၏ အခြေအနေကိုကြည့်ကာ လက်ကိုင်တယ်လီဖုန်းနှင့် ငွေကြေးများကို အလစ်သုတ် ခိုးယူလေ့ရှိကြောင်း သိရသည်။
“မနေ့က ဆိုင်ထဲမှာ ဈေးဝယ်သူများပြီး အလုပ်များနေတော့ လူဝင်တဲ့အခြေအနေကို သတိမထားမိလိုက်ဘူး။ လူ နည်းနည်းရှင်းတဲ့အချိန် သတိထားမိတော့ အံဆွဲထဲထည့်ထားတဲ့ ပိုက်ဆံတွေနဲ့ ဖုန်းတစ်လုံး ပါသွားတာ သိရတယ်။ တခြားဆိုင်ပိုင်ရှင်တွေလည်း ဈေးရောင်းနေတဲ့အချိန် အရေးကြီးတဲ့ အံဆွဲတွေ ပိတ်ထားဖို့ လိုအပ်ပါတယ်။ ပြီးတော့ အရေးကြီးတဲ့ မှတ်ပုံတင်တို့၊ လိုင်စင်တို့လို စာရွက်စာတမ်းတွေကို ဖုန်းကာဗာ နောက်ကျောထဲမှာ ထည့်မထားတာ အကောင်းဆုံးပါပဲ” ဟု ငွေကြေးနှင့် လက်ကိုင်တယ်လီဖုန်း အလစ်သုတ်ခိုးယူခံရသူ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။
.
အလစ်သုတ်ခိုးယူသူများသည် ပုံစံမျိုးစုံဖြင့် ဈေးဆိုင်အခြေအနေအား လေ့လာထားတတ်ကြပြီး ငွေကြေး၊ လက်ကိုင်တယ်လီဖုန်းနှင့် အခြားအဖိုးတန်ပစ္စည်းများကို အလစ်သုတ်ခိုးယူလေ့ရှိကြောင်း သိရသည်။
.
“တချို့ကျတော့ ဟိုပစ္စည်း ယူမလို၊ ဒီပစ္စည်းယူမလိုနဲ့ ပြခိုင်းတယ်။ ဈေးရောင်းသူ အာရုံများနေတဲ့အချိန်မျာ အခွင့် ကောင်းယူပြီး အလစ်သုတ် ခိုးယူသွားကြတာပါ” ဟု အခြား ဈေးဆိုင်ပိုင်ရှင် တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ဈေးဆိုင်ခန်းများတွင် CCTV တပ်ဆင်ထားသော်လည်း အလစ်သုတ်ခိုးယူခံရမှု ဖြစ်ပွားပါက ပြန်လည်ရရှိရန် အခွင့်အလမ်း နည်းပါးသည့်အတွက် ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် အထူးသတိထားရန်လိုအပ်နေပြီး ဆိုင်ပတ်ဝန်းကျင်အား မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း တောင်ကြီးဒေသခံများက ပြောဆိုလျက် ရှိသည်။
.