မိုးမိတ်တွင် လေးကောင်ဂျင် အပါအဝင် လောင်းကစား မျိုးစုံကို ပေါ်ပေါ်ထင်ထင် ဆက်တိုက် ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးမိတ်တွင် လေးကောင်ဂျင် အပါအဝင် လောင်းကစား မျိုးစုံကို ပေါ်ပေါ်ထင်ထင် ဆက်တိုက် ပြုလုပ်နေ

မိုးမိတ်မြို့နယ်တွင် လေးကောင်ဂျင် အပါအဝင် လောင်းကစား မျိုးစုံကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
“မိုးမိတ်မှာ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်တွေကို ပေါ်ပေါ်တင်တင်ပဲ လုပ်နေကြတာပါ။ စစ်တပ်၊ ရဲတွေကို အကုန် ဝင်ပေးထားပြီး လုပ်နေတာပါ။ တရားဝင်လို ခွင့်ပြုပေးနေတာပါ” ဟု မိုးမိတ် ဒေသခံ တစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် မေလအတွင်းက မိုးမိတ်မြို့၊ ဟော်နန်းရပ်ကွက်၊ လက်ခုပ်တန်းတွင် လောင်းကစားဝိုင်းများ ပြုလုပ်ခဲ့ပြီး နောက် လက်ရှိတွင် လယ်ကြီးကျေးရွာ အသွားလမ်း၌ လောင်းကစားဝိုင်းများ ဆက်လက်ဖွင့်လှစ် လျက်ရှိကာ ထပ်မံ၍လည်း မိုးမိတ်မြို့၊ ဆုတောင်းပြည့်စေတီ ဘုရားပွဲအတွက် ဇာတ်ပွဲအပြင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် စသည့် လောင်းကစားဝိုင်းမျိုးစုံကို ထည့်သွင်းပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
“COVID-19 ကတည်းက ပြည်သူတွေမှာ ကြပ်တည်းနေကြတာပါ။ ရှံးတဲ့သူတွေက ပြည်သူတွေပါပဲ။ သက်ဆိုင်ရာတွေ ကလည်း ငွေရတော့ မျက်စိမှိတ်ပြီး နေနေကြတယ်။ ဒိုင်ကိုင်တဲ့ မောင်စိန်းဝင်း ဆိုရင် ငွေပေးထားတော့ ရဲတို့၊ သက်ဆိုင်ရာတို့ကိုတောင် ဂရုမစိုက်တော့ဘူး။ ၂ လုံး၊ ၃ လုံးကျတော့ ပိုက်ဆံမပေးလို့ ဖမ်းတယ်။ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်ကျတော့ ပိုက်ဆံရလို့ ပေါ်တင်ခွင့်ပြုထားတာလားလို့ မေးချင်ပါတယ်” ဟု အခြား ဒေသခံတစ်ဦး ကလည်း ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ခွင့်ပြုပေးထားခြင်းကြောင့် ကစားသူများ ငွေကြေး အရှုံးပေါ်ကာ အချို့မှာ ငွေကျပ် သိန်း ၆၀၊ ၇၀ အထိ ဆုံးရှုံးသူများ ရှိနေပြီး လင်မယား ကွာရှင်းသူများလည်း ရှိနေ ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဒေသအသီးသီးတွင်ငါးပစ် လောင်းကစား ဂိမ်းဆိုင် အပါအဝင် ဂျင်ဝိုင်း၊ ဂုန်းဂင်ဝိုင်း ကဲ့သို့သော လောင်းကစားဝိုင်းများကို ဆက်ကြေး (လိုင်းကြေး)ငွေ ရယူ၍ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ဖွင့်လှစ်ခွင့် ပြုနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းကြောင့် ခိုးမှု၊ လုယက်မှု အပါအဝင် ဒုစရိုက်မှုများ ပိုမိုဖြစ်ပွားလာနေကြောင်း ဒေသခံများထံက သိရသည်။

Journal Download

Photo of three cats