.
လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်ကောက်ခံမည် ဟူသောသတင်းမှာ မဟုတ်မှန်ကြောင်း
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့ ဇွန်လ
၁၄ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
လာမည့် ဇူလိုင်လ ၁ ရက်မှ စတင်၍ လျှပ်စစ်ဓါတ်အားခများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း
Facebook လူမှုကွန်ရက်စာမျက်နှာများတွင် ယနေ့ ဇွန်လ ၁၄ ရက်က ပြန့်နှံ့နေမှုအပေါ် ယင်းကဲ့သို့
အသိပေးထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အစစအရာရာ ကုန်ဈေးနှုန်းကတက်နေတာ၊ ဝင်ငွေက တိုးလာတာမဟုတ်ဘူး။ အခုချိန်မှာ
အားလုံးက ကြပ်တည်း နေကြတာပါ။ ထပ်တက်မယ်ဆိုရင်တော့ ပြည်သူတွေ ငတ်ပြီးသေဖို့ပဲ ကျန်တော့တယ်”
ဟု တောင်ကြီးမြို့နေ ဒေသခံ တစ်ဦးက ပြောသည်။
.
ထို့အတူ အခြား ဒေသခံတစ်ဦးကလည်း “မီတာခ တိုးမကောက်ဘူးဆိုပေမဲ့လည်း
မီတာဖတ်တဲ့အခါ ယူနစ်မှန်မှန် ဖတ်ပေးဖို့လည်း လိုပါတယ်။ အခုက ဘယ်မီတာဖတ်တဲ့သူမှ အိမ်ကိုလာမဖတ်ဘူး။
မှန်းပြီးတော့ ကောက်နေကြ တာပါ” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ၂၀၁၉
ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ စတင်၍ လျှပ်စစ်ဓါတ်အားခ နှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး
ယခုအခါ အဆိုပါနှုန်းထားအတိုင်း ကောက်ခံလျက်ရှိကြောင်းနှင့် လူမှုကွန်ရက်တွင် ဖြန့်ဝေနေ
သည့် ဓါတ်အားခနှုန်းထား တိုးမြှင့်ကောက်ခံမည့် သတင်းမှာ ယခင် ၂၀၁၉ ခုနှစ်က သတင်းအား
ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
လက်ရှိတွင် အိမ်သုံးအမျိုးအစား လျှပ်စစ်မီတာများအား သုံးစွဲမှု
ပမာဏအလိုက် အနည်းဆုံး တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ၁၂၅ ကျပ် အထိ လည်းကောင်း၊ လုပ်ငန်းသုံး
မီတာများအား ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိလည်းကောင်း ကောက်ခံ နေခြင်းဖြစ်ကြောင်း သိရသည်။
.