ကျန်ခဲ့တဲ့ အချိန်ကာလ တစ်ခုက ဒီလမ်းပေါ် (တောင်ကြီး- ကျောက်တလုံး) ဖြတ်သွားတိုင်း ဝဲယာတစ်ဖက် တစ်ချက်မှာ သနပ်ဖက် စိုက်ခင်းကြီးတွေ မျက်စိတစ်ဆုံး လမ်းတစ်ကြောင်းလုံး မြင်တွေ့ခဲ့ရဖူးတယ်။ ထိုးထိုးထောင်ထောင် အရွက် တက်နေတဲ့ သနပ်ဖက် စိုက်ခင်းကြီးတွေက ဒီအရပ် ဒီဒေသရဲ့အမှတ်အသား တစ်ခု။ ရာသီချိန်ခါ ရောက်လာရင် သနပ်ဖက်ခူးတဲ့ တိုင်းရင်းပျိုဖြူတွေက ဒီဒေသရဲ့ကိုယ်ပိုင် အလှတရား။ တမေ့တမော ကျယ်ပြောတဲ့ စိုက်ခင်းကြီးထဲမှာ သနပ်ဖက် ပျိုဖြူတွေ မောပန်းရကောင်းမှန်း မသိအောင်ကိုပင်။ တိုင်းရင်းသား ကာလသားတွေ စိုက်ခင်းတွေကြား အလည်သွားရင်း လူလုံးပြကြ၊ ပိုးကြ ပန်းကြတဲ့ အချိန်။
.
သနပ်ဖက် ဆိုတာက မြန်မာနိုင်ငံ တစ်ဝှမ်းလုံး သောက်သုံးတဲ့ ဆေးပေါ့လိပ်မှာ အသုံးပြုရတဲ့ အဓိကပစ္စည်း။ ဆေးပေါ့လိပ် အမည်နာမတွေ ဘယ်လိုပဲ ကွဲပြားပါစေ သနပ်ဖက်ကတော့ မပါမဖြစ် အရာတစ်ခု။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သနပ်ဖက်ကို လွိုင်လင်၊ နမ့်စန်၊ ပင်လုံ၊ ဟိုပုံး၊ ရပ်စောက်နဲ့ တောင်ကြီးမြို့နယ်တွေမှာ အဓိက စိုက်ပျိုးကြတယ်။ ဒီအရပ်ဒေသတွေမှာ ရှေးနှစ်ပေါင်း ရာချီတည်းက စိုက်ပျိုးလာတယ်လို့ လူကြီးသူမများက ပြောကြတယ်။ သနပ်ဖက်ကို အဓိက စိုက်ပျိုးတာကတော့ ပအိုဝ်းတိုင်းရင်းသားတွေပါ။ တောင်ကြီးမြို့ တောင်ဘက် အရပ်က ပအိုဝ်းတိုင်းရင်းသားတွ ေနေထိုင်တဲ့ ကျေးရွာတွေမှာ သနပ်ဖက်ကို အများစု စိုက်ပျိုးကြတယ်။ ချင်းပြည်နယ်ဘက်မှာတော့ ဖက်ကို လိုချင်လို့ စိုက်ကြတယ်ဆိုပြီး ကြားဖူးပါတယ်။
.
သနပ်ဖက်ကို ဆေးလိပ် လိပ်ဖို့ အစိမ်းအတိုင်း အသုံးပြုရတာ မဟုတ်ပါဘူး။ အရင်ဆုံး အပင်က အရွက်ကို ခူး၊ ကျောဘက်က အကြောတွေကို တစ်ရွက်ချင်း သင်ပေးရတယ်။ အကြောသင်ပြီး ဖက်တွေကို မြေလုံ မီးဖိုရှည်ကြီးပေါ်မှာ တည်ထားတဲ့ ဒယ်ပြားအပက်ဝိုင်းတွေမှာ တင်ပြီး လှော်ရတယ်၊ မီးဖို တစ်ဖိုမှာ ၁၀ ဒယ်ကနေ ၁၅ ဒယ်အထိ တည်နိုင်တယ်။ အဲဒီ တစ်ဒယ်မှာ ဖက်ရွက် ၁၅ ရွက်ခန့်လောက် စီပြီး အပေါ်ကနေ သဲထုတ်ဖိ လှော်ရတာ။ တစ်ဖက်ပြီး တစ်ဖက် လှည့်လှော်လို့ရတဲ့ ဖက်တွေတွေကို အကြီးအငယ် ရွေးထုတ် အမျိုးအစားခွဲပြီး ပွဲရုံကို ပို့ကြတာ။
.
သနပ်ဖက် စိုက်ပျိုးရေး လုပ်ငန်းဟာ
ပအိုဝ်းတိုင်းရင်းသားတွေရဲ့ အဓိက လုပ်ငန်းတစ်ခု အဖြစ် နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့ပါတယ်။
သနပ်ဖက်ခူးတဲ့ အချိန်ဆို မိသားစုဝင်တွေ အားလုံး သင့်တော်ရာအလုပ် ကိုယ်စီနဲ့ပေါ့။ အရွက်အမျိုးအစား
ခွဲတဲ့ လူက ခွဲ။ သနပ်ဖက် လှော်ဖို ပြင်တဲ့လူက ပြင်။မိသားစု စီးပွားရေးအတွက် အားလုံး
မနားမနေ လုပ်ကြရတဲ့ အချိန်။ လှော်ပြီးသား သနပ်ဖက်တွေ အသင့်ဖြစ်တာနဲ့ မြိုပေါ် ပွဲရုံတွေဆီ
တင်ပိုကြတယ်။တချို သနပ်ဖက်ပွဲစားတွေက ကျေးလက်တောရွာတွေအထိ လိုက်ဝယ်တာလည်း ရှိတယ်။ လက်ရှိကာလ
မြင်တွေ့ နေရတဲ့အခြေအနေက ရိုးရာသနပ်ဖက်ခြံတွေ ပျောက်ကွယ်သွားတော့မလား ဆိုတာက စိုးရိမ်စရာ။
.
လမ်းဘေး ဝဲယာမှာ မျက်စိတစ်ဆုံး
မြင်တွေ့ ခဲ့ရဖူးတဲ့ သနပ်ဖက်ခြံတွေရဲ့ နေရာမှာ လူနေအိမ်ခြေတွေအမြောက်အများ ဝင်ရောက်လာတယ်။
လူမနေတဲ့ နေရာတွေမှာ ကျောက်တိုင်ထောင် ခြံခတ်ထားတဲ့ အိမ်ဝိုင်းကွက်တွေ။ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာတာလား၊
ဆုတ်ယုတ်မှုတွေနဲ့ ရိုးရာ အမွေအနှစ်တွေ ဆုံးရှုးနေတာလားတော့ မပြောတတ်။ တောင်ကုန်းတောင်တန်းကြီးတွေ
ကြည့်လိုက်ရင်လည်း ဘယ်လို ပိုင်ဆိုင်မှုတွေနဲ့ ခြံစည်းရိုး ကာထားတယ် ဆိုတာ ချင့်ချိန်စရာ
တစ်ပုံတစ်ပင်။ သေချာတာ တစ်ခုကတော့ လူနေအိမ်ခြေ များလာတိုင်း ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်လာတာ
မဟုတ်ပါဘူး။ဒေသနေ ပြည်သူတွေ တိုးတက်မှ ဒေသတစ်ခု ဖွံဖြိုးလာတာပါ။
.
အဲဒီ ခြံစည်းရိုးခတ် မြေကွက်တွေဟာ ဘယ်လိုပဲ အထောက်အထား ခိုင်လုံနေပါစေ။ လယ်ယာမြေတွေမို့ အိမ် ဆောက်လို့ မရဘူးလို့ နားလည်သူတွေက ပြောဆိုတာကို ကြားဖူးတယ်။ နောက် ဖြစ်ပေါ်လာမယ့် ပြဿနာတွေလို့ ဆိုရမှာပဲ။
.
" လုပ်ကိုင် စားသောက်ရတာ
အဆင်မပြေတော့ တချို့တွေက မြို့တက်ပြီး အလုပ် လုပ်ကြတယ်။ တချို့ကျတော့လည်း ယိုးဒယား
သွားတယ်။ ဒီတောင်ယာ လုပ်ငန်းတွေမှာ လုပ်ကိုင်မယ့် လူက မရှိသလောက်ကို ဖြစ်သွားတာပေါ့။
ရွာမှာလည်း အသက်ကြီးတဲ့ လူတွေပဲ ကျန်တော့ အလုပ်လည်းသိပ် မလုပ်နိုင်တော့ဘူးလေ၊ အဲဒီတော့
ခြံကွက်တွေကို ရောင်းလိုက်ကြတာတွေ များလာတယ်။ အမိုး သနပ်ဖက်ခြံဆို မလုပ်နိုင်တော့လို့
ဒီအတိုင်း ပစ်ထားလိုက်ရတာ တော်တော် ကြာခဲ့ပြီ။ နောက်ပိုင်းလည်း ဆက်လုပ်ဖို့ မလွယ်တော့ဘူး
" လို့ သနပ်ဖက်ခြံပိုင်ရှင် အမျိုးသမီး တစ်ယောက်က ပြောတယ်။
.
မြေပွဲစားတွေရဲ့ မက်လုံးပေး ဈေးဆွယ်မှုကြောင့် အလုပ် မဖြစ်တဲ့ ခြံကို ရောင်းချပြီး ရလာတဲ့ ငွေကို ယူ၊ လှူသင့်တာ လှူ၊ စားသင့်တာ စားနဲ့ နေလာလိုက်တာ ဆယ်စုနှစ် တစ်ခု ပြည့်တော့မယ်လို့လည်း သူမက အရင် မြေသူဌေးဘဝကို လွမ်းဟန်ပြပြီး ရှင်းပြပါသေးတယ်။
.
ရိုးရာသနပ်ဖက်ခြံ လုပ်ငန်းတွေ
တိမ်ကောသလောက် ဖြစ်လာတဲ့ အကြောင်းရင်းထဲမှာ လူငယ်တွေရဲ့ လုပ်အားတွေ ဆုံးရှုံးနေရတာလည်း
အဓိက အခန်းကဏ္ဍ တစ်ခုမှာ ပါဝင်ပါတယ်။ အခုနောက်ပိုင်းအထွေထွေ အကျပ်တည်း မျိုးစုံကြောင့်
တိုင်းရင်းသား လူငယ် အတော်များများ နိုင်ငံရပ်ခြားထွက်ပြီး အလုပ် လုပ်ကြတယ်။ ကိုယ့်နေရာ
ဒေသက ရေကြည်လည်း နောက်၊ မြက်လည်း ခြောက်လို့ ရေကြည်ရာ မြက်နုရာကို ရှာကြရတဲ့ သဘော။
ဒီမြေဒီရေသာ တန်းတူညီမျှခဲ့ရင် ဘယ်သူမှ တိုင်းတပါးထွက်ဖို စိတ်ကူးယဉ်မိကြမှာ မဟုတ်ဘူး။
အခုတော့ လူ့စွမ်းအားတွေ ဆုံးရှုးရတယ်။ ရိုးရာအမွေလို့ ဆိုနိုင်တဲ့အရာတွေ တိမ်ကောသလောက်
ဖြစ်လာခဲ့တယ်။
.
တောင်ကြီး- ကျောက်တလုံး လမ်းမကြီးအတိုင်း
ခရီးနှင်တာနဲ့ လမ်းဘေးဝဲယာ တစ်လျှောက် မြင်တွေ့လာရတာ ကျောက်တိုင် ထောင် သံဆူးကြိုးကာ
မြေကွက်တွေ။ အမြောက်အများ တိုးပွားလာနေတဲ့ လူနေအိမ်ခြေတွေ ။ ရုပ်ဝတ္ထု အပြောင်းအလဲတွေ
ကြားမှာ ဆုံးရှုံးခြင်း ကြီးမားလာတာက သဘာဝတောတောင် ရေမြေ သဘာဝရဲ့ရိုးရာအမွေတွေ။ ပအိုဝ်းတိုင်းရင်းသားတွေရဲ့
စိုက်ပျိုးကုန် တစ်ခု ဖြစ်တဲ့ သနပ်ဖက်ခြံကြီးတွေလည်း အကြောင်းပေါင်းစုံ အရင်လို မတွေ့ရတော့တာ
ပကတိ အရှိတရား။ နောင်အချိန် ကာလတစ်ခုမှာ ဒီနေရာ၊ ဒီမြေ၊ ဒီတော ဒီတောင်ကြီးတွေမှာ ရိုးရာ
သနပ်ဖက်ခြံကြီးတွေ ရှိခဲ့တယ်ဆိုတာ ပုံပြင်တစ်ပုဒ် ဖြစ်သွားမလားဆိုတာတော့။ ။