ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူများကို အာဏာသိမ်း စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက်၊ ည ၆ နာရီခန့်တွင် မတရား ခြိမ်းခြောက်၍ မောင်းထုတ်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ကျေးရွာတွင်းသို့ KNU ဝင်ထွက်သွားလာသည်ကို
စစ်ကောင်စီအား အသိ မပေးခြင်း၊ KNU ကို လက်ခံခြင်းနှင့် ချိတ်ဆက် ဆက်သွယ်သည်ဟု စွပ်စွဲကာ
စစ်ကောင်စီ၏ ခမရ(၂၀) တပ်ရင်းမှူးမှ ဦးဆောင်ပြီး ခမရ(၂၀)၊ ခမရ(၁၂၄)၊ ခမရ(၄၃၉)၊ ခမရ(၃၅၀)
ပူးပေါင်းတပ်များက ကျေးရွာ ပြည်သူလူထုများကို ကျေးရွာမှ မထွက်ခွာလျှင် ကျေးရွာတွင်းသို့
ဝင်ရောက် ပစ်ခတ် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း KNU ၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ စစ်ကောင်စီတပ်၏ မတရား ခြိမ်းခြောက်၍
မောင်းထုတ်ခံရသော ကျေးရွာများမှာ ဒလဆိပ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၈ ရွာ၊ ဟင်္သာဝဲကျေးရွာအုပ်စု
အတွင်းရှိ ကျေးရွာ ၃ ရွာ၊ ထိုးဝါးစိုက်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၄ ရွာတို့
ဖြစ်ပြီး အိမ်ခြေစုစုပေါင်း
၁၅၅၁ အိမ်နှင့် လူဦးရေ စုစုပေါင်း ၈၂၃၀ ဦး ရှိကြောင်း
သိရသည်။
.
လက်ရှိ အချိန်ကာလသည် မိုးရာသီ ဖြစ်သောကြောင့် ကျေးရွာ ပြည်သူလူထုအတွက် နေထိုင်ရေး၊ လုပ်ကိုင် စားသောက်ရေး၊ သွားလာရေးနှင့် ရွှေ့ပြောင်းရေးအတွက် များစွာ အခက်အခဲဖြစ်သည့် အချိန်ကာလဖြစ်ကာ ဒေသခံပြည်သူများသည် ကျေးရွာမှ မထွက်ခွာလိုကြဘဲ စစ်ကောင်စီက အကြမ်းဖက် ဖယ်ရှားမည်ကို စိုးရိမ်နေရလျက် ရှိကြောင်း သိရသည်။