ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များမှ ထွက်ရှိသည့် ဂေါ်ဖီထုပ်များ ရောင်းချရာတွင် ဈေးကောင်း မရသည့်အတွက် ဂေါ်ဖီစိုက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရပြီး ဂေါ်ဖီိထုပ်များကို ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
.
စစ်အာဏာ သိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်ရှိ နိုင်ငံရေး အခြေအနေနှင့်အတူ စက်သုံးဆီဈေး မြင့်တက်လာမှုများကြောင့် ဒေသထွက်ကုန်များအနက် အဓိက ထွက်ကုန်ဖြစ်သော ဂေါ်ဖီထုပ် စျေးနူန်းမှာ ၁၀၀ ကျပ်မှ ၂၀၀ ကျပ်ခန့်သာ ဈေး ရှိသဖြင့် ရောင်းချပါက အရင်းအနှီး ပြန် မရနိုင်သည့်အတွက် ခုတ်ထွင် ရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။
.
" ကုန်ကျစရိတ်က တစ်ထုပ်ကို အလုပ်သမားခ၊ ကား တင်ခနဲ့ ပြန်တွက်ရင် ရှုံးတယ်။ အရင်းအနှီး ဖြစ်တဲ့ ကုန်ကျစရိတ်ကိုပါ ထည့်တွက်ရင် ထက်ဝက်ကို ကျော်တယ်၊ ရှုံးမှာကလေ။ အဲတော့ စိုက်တဲ့ အရင်းအနှီးကိုပဲ အရှုံးခံပြီး ရောင်းဖို့ လုပ်တဲ့ အရှုံးကို ရှောင်လိုက်တဲ့ သဘောမျိုးပေါ့။ " ဟု ဂေါ်ဖီစိုက် တောင်သူ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ဂေါ်ဖီထုပ်များအား ခုတ်ပြီး စိုက်ခင်းအတွင်း ထားခြင်းဖြင့် မြေဩဇာကဲ့သို့ အကျိုးဖြစ်နိုင်ကြောင်း၊ မခုတ်ဘဲ အခြား လိုအပ်သည့် နေရာများသို့ လှူဒါန်းမည် ဆိုပါကလည်း ကားခ၊ အလုပ်သမားခ စသည့် ကုန်ကျစရိတ်ကို မတတ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
ဂေါ်ဖီထုပ်တွင် ၃ လမျိုးနှင့် ၆ လမျိုး ဟူ၍ နှစ်မျိုး ရှိသည့်အနက် ၆ လမျိုး စိုက်ပျိုးသူများမှာ အရှုံး ပိုကာ စိုက်ပျိုးသည့် ဧကအလိုက် တစ်ဧကလျှင် ၁၅ သိန်းကျပ် ဝန်းကျင်ထိ ဆုံးရှုံးရကြောင်းနှင့် ယခင် စစ်အာဏာ မသိမ်းမီ ကာလတွင်လည်း ယင်းကဲ့သို့ ကြုံတွေ့ခဲ့ဖူးပြီး ယခုမှာ ကူညီသူ မဲ့သည့် အခြေအနေ ဖြစ်ကြောင်း တောင်သူ တစ်ဦးက ရှင်းပြသည်။
.
“ ၆ လမျိုးက အခုမှ ထွက်တော့ အခြေအနေ ဆိုးသွားတာ။ တစ်ဧကကို အရင်းအနှီးက ၁၅ သိန်းလောက် ရှိတယ်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူဘူးပေါ့။ စစ်တပ်ခေတ် မရောက်ခင် အရင် ကိုဗစ် ပထမလှိုင်း (၂၀၁၉ ခုနှစ်) တုန်းကလည်း ခုလို ကြုံဖူးတယ်၊ အဲတုန်းက အရှုံးခံ ဝယ်ပေးတဲ့သူတွေ ရှိတယ်။ အစိုးရလည်း ကူတယ်၊ စစ်တပ်ရော၊ သူဌေးတွေရော၊ ပရဟိတတွေရောပေါ့။ ခုကြတော့ ကူသူမဲ့တဲ့ အခြေအနေ။" ဟု ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် ဂေါ်ဖီထုပ်များကို ယခင်က ရန်ကုန်၊ မန္တလေး စသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ တင်ပို့ ရောင်းချခြင်း ဖြစ်ပြီး တစ်ရက်လျှင် ဂေါ်ဖီထုပ် ၃၀၀၀၀ ဝန်းကျင်ခန့် တင်ပို့ ရောင်းချရသော်လည်း ယခုနှစ်တွင်မူ ယင်းပမာဏထိ ရောင်းချနိုင်မှု မရှိကြောင်း သိရသည်။