တောင်ကြီးမြို့မဈေး အနောက်ဘက် လမ်းပေါ်ရှိ ယာဉ်ငယ်လိုင်းနှင့် ဈေးသည်များကို ဖယ်ရှား၍ သဲနှင့် အုတ်ကျိုးများ စုပုံထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေး အနောက်ဘက် လမ်းပေါ်ရှိ ယာဉ်ငယ်လိုင်းနှင့် ဈေးသည်များကို ဖယ်ရှား၍ သဲနှင့် အုတ်ကျိုးများ စုပုံထား


တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ မြို့မဈေးအနောက်ဘက်၊ ဈေးလမ်းပေါ်ရှိ ယာဉ်ငယ်လိုင်းဂိတ်နှင့် ဈေးသည်များကို ဖယ်ရှား၍ သဲနှင့် အုတ်ကျိုးများ စုပုံထားမှုကြောင့် ဖယ်ရှား ခံရသူများ အပါအဝင် အများပြည်သူ ဈေးသွားဈေးလာများ အတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

ဈေးလမ်းပေါ်ရှိ ငွေခွန်မှူးလမ်းထောင့်နှင့် သစ္စာလမ်းထောင့်ရှိ အမှတ် (၆) ယာဉ်ငယ်လိုင်း ဂိတ်ထိုးရာနေရာ၊ ကွမ်းယာဆိုင်နှင့် သပြေပန်းဆိုင် နေရာများအား စွန်ရောင်းဝယ်ရေးပွဲရုံမှ မြို့မဈေးကြီး အနောက်ဘက်တာဝန်ခံ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဈေးသည်များအား အတင်းအဓမ္မ ဖိနှိပ်ဖယ်ရှားခိုင်းပြီး သဲနှင့် အုတ်ကျိုးများ စုပုံ ထားသည့်အပြင် ထွေလာဂျီယာဉ်တစ်စီးကို ပိတ်ရပ်၍ သံကြိုးများဖြင့် တားဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

.


“အဲဒီ ဈေးလမ်း နေရာက ဈေးနေ့တွေဆိုရင် လူအရမ်းတိုးတဲ့ နေရာတွေ ဖြစ်ပါတယ်။ အခုလည်း လူနဲ့ ကား အသွားအလာ များပါတယ်။ လမ်းက ကျဉ်းရတဲ့အထဲ အခုလို ပုဂ္ဂလိက တစ်ဦးတစ်ယောက်က နေရာ ဦးပြီး လုပ်ထားတော့ လမ်းသွားလမ်းလာတွေ၊ အဲဒီနေရာနားမှာ ရောင်းချနေတဲ့ ပျံကျဈေးသည်တွေအတွက် အခက်အခဲ ဖြစ်တာပေါ့” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.


ထို့အတူ ပျံကျဈေးသည်တစ်ဦးကလည်း “စည်းကမ်းထိန်းသိမ်းရေး လူကြီးတွေက ဈေးသည်တွေကို မငဲ့ညှာဘဲ ဖိနှိပ် နေတာပါ။ အသနားခံ ပြောဆိုခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်” ဟု ပြောဆိုခဲ့သည်။

.

အဆိုပါ မြို့မဈေးကြီး အနောက်ဘက်ရှိ လမ်းများသည် လူနှင့် ယာဉ်အသွားအလာ များပြားပြီး မကြာခဏ ယာဉ်ကြော ပိတ်ဆို့တတ်သည့်နေရာများ ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းပေါ်တွင် အုတ်သဲများ စုပုံကာ အတားအဆီး ပြုလုပ် ထားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမို ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

Journal Download

Photo of three cats