.
တောင်ကြီးမြို့ပေါ်ရှိ
နယ်မြေရဲစခန်း (အမှတ်-၂ ရဲစခန်း) ဝင်းအတွင်း ရပ်နားထားသော ဆိုင်ကယ်ပင် ခိုးယူခံနေရသည့်
အတွက် မြို့တော်လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊
နယ်မြေရဲစခန်းဝင်းအတွင်း ရပ်နားထားသော ရဲလိုင်းခန်းနေ ဝန်ထမ်းတစ်ဦး၏ မော်တော်ဆိုင်ကယ်တစ်စီး
ဇွန်လ ၂၈ ရက်၊ ညပိုင်းက ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ရဲစခန်းထဲ ရပ်ထားတဲ့
ဆိုင်ကယ်တောင် အခိုးခံရတာဆိုတော့ ပြည်သူလူထုရဲ့ လုံခြုံရေးက အတော်လေး စိုးရိမ်စရာ ကောင်းနေပါပြီ။
အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်မှာ ခိုးမှုတွေ၊ ဖောက်ထွင်းမှုတွေ မကြာခဏ ဖြစ်နေတယ်။
ဖမ်းမိ တာလည်း မရှိသလောက်ဖြစ်နေတော့ ပြည်သူလူထုက ကိုယ့်တာဝန်ကိုယ်ယူရမယ့်သဘောမျိုး
ဖြစ်နေတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
မြို့တော်တောင်ကြီးတွင်
မော်တော်ဆိုင်ကယ် ခိုးယူမှုအပြင် လက်ကိုင်တယ်လီဖုန်း ခိုးယူမှုမှအစ မော်တော်ယာဉ် ခိုးယူခံရမှုများလည်း
ရှိနေပြီး မြို့တော်လုံခြုံရေး ဆောင်ရွက်မှု အားနည်းနေကြောင်း ပြည်သူများက ဝေဖန်ပြောဆို
နေကြခြင်းဖြစ်သည်။
.
စစ်ကောင်စီ
အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာ ဒေသအသီးသီးတွင် လောင်းကစားဝိုင်းများ၊
ဂိမ်းဆိုင်များ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ကာ လောင်းကစားမှုများ
ပြုလုပ်လာကြခြင်းကြောင့် ယင်းကဲ့သို့ ဒုစရိုက်မှုများ ထူပြောလာရခြင်းဖြစ်ကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.