တောင်ကြီးတက္ကသိုလ်၌ စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားသော်လည်း တက္ကသိုလ်ဝန်းရှိ ဆိုင်ကယ် ရပ်နားသည့် နေရာတွင် ယမန်နေ့ ဇွန်လ ၂ ရက် တစ်နေ့တည်း မော်တော်ဆိုင်ကယ် ၃ စီးပျောက်ဆုံးခဲ့ကြောင်း သိရသည်။
.
" အရင်တုန်းကလည်း ကျောင်းထဲမှာ ဆိုင်ကယ် ပျောက်တာတွေ ဖြစ်ခဲ့ဖူးတယ်။ ခုက လုံခြုံရေး ပိုတင်းကြပ်တယ်လို့သာ ပြောတာ၊ ဆိုင်ကယ် ပျောက်သွားတော့ ဟာသလို ဖြစ်ရတာပေါ့။ သာမန်အပြင်လူ ဝင်လို့ ထွက်လို့ မရတဲ့ မလွယ်တဲ့ နေရာမှာ ပျောက်တာဆိုတော့ ကျောင်းရဲ့ လုံခြုံရေးက အတော်စိတ်ပျက်စရာကောင်းတယ်။ " ဟု တောင်ကြီးတက္ကသိုလ်မှ ကျောင်းသား တစ်ဦးက ပြောသည်။
.
လက်ရှိတွင် တောင်ကြီးတက္ကသိုလ်၌ ကျောင်းသား/သူ ၂၀၀၀ ကျော်ခန့် တက်ရောက်နေပြီး Day နှင့် အဝေးသင်အား တစ်ပြိုင်တည်း ဖွင့်ထားခြင်းကြောင့် စစ်ကောင်စီ လက်အောက်တွင် တက္ကသိုလ်၌ စည်ကားနေသယောင် ဖြစ်အောင်ပြုလုပ်ထားကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
.
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ် သာမက မော်တော်ယာဉ်များပင် ခိုးယူခံနေရသော်လည်း ပြန်လည် ရရှိခြင်း မရှိကြောင်း သိရသည်။