စစ်တပ်က အာဏာ သိမ်းယူခဲ့သည့် ကာလအတွင်း ကရင်နီ (ကယား) ပြည်နယ်၌ အရပ်သားပြည်သူ စုစုပေါင်း ၂၉၃ ဦး သေဆုံးခဲ့ရသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ ဇွန်လ ၁ ရက်တွင် ထုတ်ပြန်သည်။
.
စစ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်ထိ ကရင်နီပြည် အတွင်း ဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ အကျဉ်းချုပ်ကို PKPF က ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
စစ်ဘေးရှောင်နေစဉ် သေဆုံးခဲ့ရသည့် ပြည်သူ ၂၆ ဦး ရှိပြီး ဘာသာရေးအဆောက်အဦ ၂၀ လုံး၊ အိမ်ခြေ ၁၀၉၃ လုံး ပျက်ဆီးခဲ့ရသည့်အပြင် မတရား ဖမ်းဆီးခံရသူ ၂၃၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ တိုက်ပွဲ ဖြစ်ပွားမှု ၃၁၈ ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု ၁၂၃ ကြိမ် ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ကျဆုံးသူ ၁၂၈ ဦး၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၂၂၇ ဦး၊ စစ်ကောင်စီယာဥ် ပျက်ဆီးမှု ၅၀ စီး ရှိသည်ဟုလည်း PKPF က ဆိုသည်။
.
ကရင်နီ (ကယား) ပြည်နယ်၌ လက်ရှိအချိန်ထိ အာဏာသိမ်း စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ခုခံတော်လှန်နေလျက် ရှိကြောင်း သိရသည်။